ရွာတွေနှင့် အတော်အလှမ်းဝေးသည့် မြေကွက်လပ်တွင် ကလေးတသိုက် ဆူညံစွာ ဆော့ကစားနေကြ၏ ။ ကလေးဟုဆိုပေမယ့် အသက်တွေကတော့ ၁၃ နှစ် ၁၄ နှစ်အရွယ်လောက်တွေ ဖြစ်သည် ။ ကျေး လက်တောရွာဆိုတော့လည်း ထိုအရွယ်သည်နှပ်ချေးတွဲလောင်းနှင့် ဆော့ကောင်းတုန်း အရွယ်ပင် ။ က လေး တစ်သိုက်တွင် စုစုပေါင်း ၅ ယောက်ပါဝင်၏ ။ အောင်ဘု ၊ ထွေးညို ၊ မဲလုံး ၊ မှဲ့ကြီး ၊ ချိုကြီး တို့ဖြစ်ကြ၏ ။ ချိုကြီးဆိုသည်မှာ ကျနော့နာမည်ကို အဖျားဆွတ်၍ ခေါ်ဝေါ်ခြင်းပင် ။ နောက်ကာလကြာလာတော့ ချိုကြီးမှ ဂျိုကြီးဖြစ်သွားလေ၏ ။ ထိုအဖွဲ့တွင် ကျနော်က အသက်အငယ်ဆုံးဖြစ်လေ၏ ။ ၁၀ နှစ်သာသာ လောက် ပဲရှိအုန်းမည်။ ကျား ၃ ယောက် မ ၂ ယောက်ဖြစ်၏ ။ ကစားနည်းကတော့ ဂုံညင်းဒိုးပစ်တိုင်း ကစား နေခြင်းပင်ဖြစ်၏ ။
အချိန်ကလည်း တဖြည်းဖြည်းမှောင်လာ၏ ။ ရွာ အခေါ်အဝေါ်တော့ နွားရိုင်းသွင်းချိန်ပေါ့ ။ နွားရိုင်းသွင်းချိန်တွင် အိမ်ရှိလူကြီးများက ကလေးများအား အပြင်သို့ထွက်ခိုင်းလေ့မရှိပေ ။ ရွာလယ်ခေါင်တလျောက် နွားအုပ် ကြီးဝင်လာချိန်တွင် တစ္ဆေ သရဲများ ကပ်ပါလေ့ရှိသည်ဟု အယူရှိသောကြောင့်ပင် ။ ကျနော်တို့ကတော့ လူဆိုး တစ်သိုက်မို့ အပြင်ကိုရောက်ရှိနေလေသည် ။ ဆောင်းတွင်းကာလမို့ အလင်းရောင်နဲနဲမှောင်လာသည်နှင့် မြူတွေက ဝေ့၀ဲလာလေ့ရှိသည် ။ တစ်စ တစ်စ နှင့် အရာရာသည် မပီဝိုးတ၀ါး ။ ကလေးတစ်သိုက်ကတော့ ဇွဲကောင်းစွာနှင့် ဆော့ကောင်းတုန်းပင် ။ ထိုအခိုက် တောင်စောင်းတနေရာမှ စူးစိုက်ကြည့်နေသော မျက်ဝန်း တစ်စုံကိုတော့ သူတို့ သတိမထားမိလိုက်ချေ ။
ရုတ်တရက် ကျနော်ပစ်လိုက်သော ဂုံညင်းက အရှိန်ပြင်းကာ မြေကွက်လပ်ကိုကျော်ပြီး တောင်စောင်း တလျောက် အောက်က လျှိုကြီးထဲသို့လိမ့်ကျသွားလေ၏ ။ ကိုယ့်ဂုံညင်းဒိုးဆိုတော့ ပူထူသွားမိ၏ ။
(ဟာကွာ သွားပါပြီ အောက်ကိုကျသွားပြီ အောင်ဘုရ မင်းကလည်းကွာ သေချာမဖမ်းဘူး ဆင်းရှာရအောင်ကွာ )
(ဟေ့ကောင် ချိုကြီး အချိန်ကိုလည်းကြည့်ဦး မှောင်နေပြီကွ အိမ်ကဆူလိမ့်မယ် ပြန်ကြရအောင်ကွာ )
(ဟာကွာ..အဲဒီဂုံညင်းက ကံကောင်းတယ်ကွ .. ငါမရရအောင်ပြန်ရှာမယ် ကြောက်တတ်တဲ့လူနေခဲ့ကွာ...)
(ချိုကြီး မင်းသေချာစဉ်းစားအုန်းနော် ဒီလျှိုကအရမ်းနာမည်ကြီးတာ ညညဆို မီးစုန်းတွေလည်း ပေါမှပေါ )
(ပေါ ပေါကွာ... ငါတော့ဆင်းပြီ မင်းကြောက်တတ်ရင်နေခဲ့ ... )
(ဟ ဖြစ်မလားကွ သွားမယ့်သွား အတူသွားမှာပေါ့ )
ဟုဆိုကာ သူတို့ ငါးယောက်စလုံး လျှိုကြီးထဲသို့ တောင်စောင်းတလျောက် စ၍ ဆင်းလာခဲ့၏ ။ တော်ပါသေးရဲ့ အိမ်မှ အောက်လင်းဓါတ်မီးလေးယူလာခဲ့မိလို့ ။ သူတို့ကစားပြီးပြန်လာလျင် မှောင်လေ့ရှိသောကြောင့် ခွေးရန်မှကာကွယ်ရန် ဓါတ်မီးကို ဆောင်လာခြင်းဖြစ်၏ ။
(ဟေ့ကောင်ဖြည်းဖြည်း ဆင်းပါကွ ဓါတ်မီးကိုင်ပြီး ရှေ့ကနေ အရမ်းဆင်းနေတယ် )
ဟုအောင်ဘုက လှမ်းပြော၏ ။ တယောက်နောက်ကျောမှ အင်္ကျီကို တယောက်ကိုင်ကာ ငါးယောက်တန်းပြီး ဆင်းလာခြင်းဖြစ်သည် ။ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားလေ၏ ။ တချက်တချက် ဆွဲဆွဲငင်ငင် အူလိုက်သော ရွာသင်္ချိုင်းမှ ခွေးအူသံမှအပ အရာအားလုံးသည် ခြောက်ခြား ဖွယ်ကောင်း လောက်အောင်ပင် တိတ်ဆိတ်နေ၏ ။
(ဟေ့ခဏနေဦး ငါတို့နောက်မှာ အကောင်တကောင်ကောင်လိုက်လာနေသလိုပဲ အသံကြားနေရတယ် )
ဟု အောင်ဘုကဆိုလိုက်ရာ ထွေးညိုက
(နင်ကလည်းဟာ မခြောက်ပါနဲ့ဟာ ကြောက်ရတဲ့ကြားထဲ )
ဟုဆို၏ ။ ပြောရင်းထွေးညိုအောင်ဘုနောက်သို့ ကြည့်လိုက်ရာ အနီရဲရဲမျက်ဝန်းတစ်စုံ လှစ်ကနဲပျောက် ကွယ်သွား၏ ။ အောင်မလေးဟုဆိုကာ ထွေးညိုပြေးထွက်မည်ပြုသဖြင့် မနဲဆွဲထားရ၏ ။
(နင်ကလည်းဟာ ဇီးကွက်တွေဘာတွေ ဖြစ်မှာပေါ့ )
ဟု ကျနော်ပြောသာပြောလိုက်ရသော်လည်း စိတ်ထဲကတော့ သိပ် မသင်္ကာချင်ပေ ။ သူတို့ကြောက်မှာစိုး၍ မပြောခြင်းသာ ။ ကျနော်တွေ့တာတောင် ၂ ခါ ၃ ခါရှိနေပြီ ။ လမ်းတွေကလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ ။ အစကတော့ဇွဲနှင့် အခုတော့ နဲနဲလည်းချမ်းလာပြီဖြစ်၏ ။ စိတ်ဓါတ်ကကျ ချင်နေပြီ ။ ဒါပေမယ့်လည်း ကိုယ့်ကိစ္စမို့ မာန်တင်းထားရ၏ ။
ထိုအခိုက် ဘွားကနဲ မြေကွက်လပ်ကြီးတွင်တွေ့လိုက်ရသော အိမ်အိုကြီးကြောင့် သူတို့တဖွဲ့လုံး လန့်ဖြန့်သွားမိ၏ ။ အဝေးကကြည့်လျင် လရောင်အောက် မြူခိုးတွေကြား ငုတ်တုတ်ထိုင်နေသော တစ္ဆေ တစ်ကောင်နှင့် တူလှ၏ ။ ဘေးနားက ညောင်ညိုပင်ကြီးကလည်း အသည်းယားဖွယ်ပင် ။ သရဲသဘက် လက်ချောင်းများနှင့် ဆင်တူလှ၏ ။
(ဟေ့ကောင်တွေ အဲဒီအိမ်ကြီးကို သွားကြည့်ရအောင်ကွာ ဟိုမှာ မီးလင်းနေတယ်တွေ့လား )
(အာ ချိုကြီးရာ မင်းကွာ ပြဿနာ အတော်ရှာတာပဲ ငါတို့ကြောက်တယ်ကွ)
( ငါလည်းကြောက်တာပဲ အဖော်တွေနဲ့ပဲကွာ ဘာဖြစ်လည်း )
ကျနော်တို့ပြောဆိုနေကြတုန်း မိန်းကလေး ၂ ယောက်ကတော့ ဒူးတွေပင် တုန်နေပြီ ။ ထိုအခိုက် အိမ်အိုကြီးကို လှမ်းကြည့်လိုက်တော့ စောစောကလင်းနေသော မီးရောင်က ဖျက်ကနဲဆို မှိတ်သွားလေ၏ ။ မတိုင်ပင်ထားပဲ ငါးယောက်စလုံး ပြိုင်တူ ကြက်သီးထမိသွား၏ ။ ဒီလိုနဲ့ ကျနော်ဦးဆောင်၍ ရှေ့မှသွားလေ၏ ။ အိမ်ကြီးသို့ရောက်ခါနီး ၁၀ ကိုက်လောက်အလိုတွင် ဆိုးဆိုးဝါးဝါး ပုပ်စော်နံ့နံလာ၏ ။ ရုတ်တရက်တစ်စုံတစ်ခုကို တိုက်မိပြီး ကျနော် မှောက်ရက်သား လဲကျသွား၏ ။ ဓါတ်မီးကရှေ့လှမ်းလှမ်းမှ မြက်ပင်တွေကြားထဲမှာ ။ ဓါတ်မီးအလင်းရောင်အတိုင်း ပြိုင်တူကြည့်မိတော့ လားလား.... နွားသေကောင်ကြီးထဲမှ အူတွေက အခွေလိုက်ထွက်ကျနေ၏ ။ ဘေးမှာလည်း ယင်ကောင်တွေက တ၀ုန်းဝုန်း ။
ဆက်လက်ရေးသားပါဦးမည် ။
စာရေးသူ.....သက်တန့်ချို ( ၁၁း၂၀ ည ၃၀.၁၁.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................