Sunday, February 14, 2010

အချစ်နှင့် သူ၏အကြောင်း ( ၁ )

အချစ်နှင့် သူ၏အကြောင်း


(၁)

တစ်ခါတုန်းကပေါ့... ။ အဲဒီတုန်းက မှတ်မှတ်ရရ ခြောက်တန်းကျောင်းသား အရွယ်လေး ။ သူများ တွေအပြောတော့ သစ်ရွက်လှုပ်တာတောင် ရင်ခုန်တတ်တဲ့အရွယ်ဆိုပဲ ။ ရင်ခုန်မခုန် တော့ မသိဘူး ။ ကျွန်တော်ကတော့ အဲဒီအရွယ်တုန်းက အရာအားလုံးကို အတော်စူး စမ်းချင်နေတယ် ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကလို ဂေါ်လီရိုက် ၊ စိန်ပြေး တမ်း ကစားရမယ့်အရွယ် မဟုတ်တော့ဘူးလို့လည်း ကိုယ့်ကိုယ်ကို သတ်မှတ် လိုက် တယ် ။ ခြောက်တန်းကျောင်းသားကြီး ဖြစ်ပြီကွ ဆိုပြီး လူက အရင်လို ဖြစ်သလို မနေတော့ဘူး ။ ပေါင်းတာတောင် ကိုယ့်ထက် အသက်ကြီးတဲ့ ကိုးတန်း ဆယ်တန်း ကျောင်းသားကြီးတွေနဲ့ ပေါင်းလာတယ်း) ။ လဖ္ဘက်ရည်ဆိုင်လေးထိုင်ပြီး ရှေ့ကဖြတ် သွားတဲ့ ကောင်မလေးတွေကို ကြည့်ရင်း ရင်ခုန်စပြုတဲ့အရွယ်ပေါ့ ။ ဇော် ၂ ဇော်ကလည်း ရှိနေတော့ ခြောက်တန်းလောက်နဲ့ လူကြီးပုံစံ ဖြစ်နေတာ သိပ်တော့ မဆန်းလှပါဘူး ။

တစ်နေ့တော့ ကျွန်တော်နဲ့ ကျောင်းနေဖက်သူငယ်ချင်း ကျော်ထူးနဲ့ တင့်ဆွေတို့ ရောက်လာ ကြပါတယ် ။ ဂေါ်လီရိုက်ဖို့တဲ့ ။ ကျွန်တော်က ခါးခါးသီးသီးငြင်းလိုက်တယ် ။ ဟုတ်တယ်လေ .. ဂေါ်လီရိုက်ရမယ့် အရွယ်မဟုတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ခံယူထား တာကိုး ။ ဒါနဲ့ ကျွန်တော့်ရဲ့ သွေးဆောင်မှုကြောင့် ဟိုနှစ်ကောင် မလိုက်ချင်လိုက်ချင်နဲ့ လဖ္ဘက်ရည်ဆိုင်ကို ပါလာပါတယ် ။ ဟိုရောက်တော့ ကျွန်တော်က အချစ်ရဲ့ ဒဿနတွေ စတင်ပြီးဟောပြောပါတယ် ။ အချစ်ဆိုတာ.. ရင်ခုန်သံလေး တစ်ချက် ဘာညာပေါ့ ။ သကောင့်သား နှစ်ကောင်ကတော့ ဘယ်အချိန်ထဲက ကိုယ့်ကို အမြင်ကတ်နေသလဲ မသိပေါင် ။ ကျွန်တော့်အတွက် မဟာ အရေးတော်ပုံကြီးတစ်ခုနဲ့ ဒီကောင်တွေက စိန်ခေါ်တယ် ။

“ ဟေ့ကောင်.. မင်းကအချစ်အကြောင်းတွေဘာတွေ ဆိုတော့ မင်းက တကယ် သတ္တိရှိလို့လား ”

“ ရှိတာပေါ့ကွ မင်းမယုံရင်စမ်းမလား ”

ဟုတ်တယ်လေ.. လူကအဲဒီအချိန်တုန်းက ကြွနေတာကိုး ။ သတ္တိသွေးကို ပြောပါတယ် ။

“ ကဲဒါဆို မင်း ဆယ်တန်းက မနွေးနွေးကို ရည်းစားစကားလိုက်ပြောရဲလား ”

ကျွန်တော်နဲနဲတော့ တွေဝေသွားတယ် ။ မနွေးနွေး ဆိုတာက ကျွန်တော်တို့ ကျောင်း တော်ကြီးရဲ့ အလှဘုရင်မ ။ ကြိုက်တဲ့ကျောင်းသားတွေက တန်းလုံးကျွတ် ။ မာနကလည်း ကြီးသလား မပြောနဲ့ ။ ကျွန်တော်နဲ့ကတော့ လမ်းမှာတွေ့ရင် မျက်မှန်းတမ်းမိယုံပါပဲ ။

“ လိုက်ပြောရဲတယ်ကွာ ဘာကြေးလောင်းမလဲပြော ”

“ လဖ္ဘက်ရည် တစ်ဝိုင်းကြေး ”

“ အိုကေ ”

အိမ်ပြန်ရာလမ်းတလျောက် ရင်ဘတ်ထဲက တဒိန်းဒိန်း နဲ့ကို မြည်လို့ ။

နောက်တစ်နေ့ ကျောင်းလွှတ်ချိန်ကို ရောက်တော့ ကျောင်းရှေ့ကို စောစော ရောက် အောင်သွားပြီး မနွေးနွေး ကို စောင့်နေလိုက်ပါတယ် ။ စောင့်နေရတဲ့ စက္ကန့်တိုင်း စက္ကန့်တိုင်း က သေမိန့်ကိုစောင့်နေရတဲ့ အကျဉ်းသားလိုပါပဲ ။ ရင်ထဲမှာ တထိတ်ထိတ်နဲ့ပေါ့ ။ ရင်ခုန်တာလား ဘာလားတော့ မသိပါဘူး ။ လူက မောသ လိုလို တောင် ဖြစ်လာပါတယ် ။ ဟော... လာပါပြီ ။ ကျောင်းတော်ကြီးရဲ့ နှင်းဆီခိုင် “ မနွေးနွေး ” ။ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံနဲ့ ကြွကြွရွရွလေး လှမ်းလာပါတယ် ။ ကျွန်တော့်ရှေ့က ဖြတ်လျောက်သွားတော့ တစ်ချက်လှမ်းကြည့်ပါတယ် ။ ပြီးတော့ ဘာမှ မထူးသလိုနဲ့ ဆက် လျောက်သွားပါတယ် ။ ဟုတ်တယ်လေ .. ဘာမှထူးစရာမှ မရှိတာကိုး ။ ဒါနဲ့ ကျွန်တော်လည်း အရဲစွန့်ပြီး သူ့နောက်က လိုက်သွားမိတယ် ။ နောက် မှီလုမှီခင် ရောက်တော့ ကျွန်တော်လှမ်းခေါ်လိုက်တယ် ။

“ မ...မ..နွေး..နွေး ”

“ ဘာတုန်း ”

ရုတ်တရက် ကျွန်တော့ကို လှည့်ပြီးမေးလိုက်တော့ ကျွန်တော်လည်း ကြောင်ပြီး ရပ်သွားတယ် ။

“ ဟဲ့ကောင်လေး ပြောလေ ငါ့ကိုခေါ်ပြီး ဘာပြောမလို့တုန်း ”

“ ဟို...ဟို.... ကျွန်တော့်ကို ချစ်လား ”

မနွေးနွေးက ကျွန်တော့ကို မမြင်ဖူးသလို ပြူးပြီး ကြည့်နေတယ် ။ မျက်လုံးကို ပြောတာ နော် ။ နောက်တော့

“ ချစ်တာပေါ့ဟဲ့ ဒါပဲလား ကဲငါသွားပြီနော်.. ဗိုက်ဆာနေပြီ ”

ဆိုပြီး ဆက်လျောက်သွားပါတယ် ။ ကျွန်တော်ကတော့ ရင်ထဲမှာ ဖိုးသိုးဖတ်သပ်နဲ့ ကျောက် ရုပ်ကြီးလို ငေးပြီး ကျန်ခဲ့တယ် ။ ရင်ထဲမှာ ပျော်သလိုလို ထခုန်ချင် သလိုလိုနဲ့ ဘယ်လိုကြီးမှန်းကို မသိဘူး ။ တစ်ခုခု လွဲနေတယ်လို့လည်း စိတ်ထဲမှာ ခံစားမိလိုက်တယ် ။ ဘာပဲဖြစ်ဖြစ် ညနေမှာတော့ လဖ္ဘက်ရည် တစ်ဝိုင်းစာ အနိုင်ရလိုက်ပါတယ် ။ အကုန်လုံးကလည်း မှတ်ချက်ချပါတယ် ။ “ ဒီကောင် ဇ ရှိတယ် ” တဲ့ ။

အဲဒီလိုနဲ့ ပထမဆုံး အကြိမ် ရည်းစားစကားလိုလို ဘာလိုလို လိုက်ပြောပြီး တဲ့နောက် သုံးရက်မြောက်နေ့မှာပေါ့.... ။ ကျွန်တော်နဲ့ မနွေးနွေးနဲ့ ထပ်တွေ့ပါတယ် ။ မနွေးနွေးက

“ ကောင်လေး .. အစ်မ ကဗျာစာအုပ်လေး အားပေးဦး တစ်အုပ်မှ ရှစ်ရာထဲ ၀ယ်မယ်မဟုတ်လား ”

“ ဗျာ...ဟုတ်... ဟုတ်ကဲ့”

“ အောင်မယ်.. ချစ်လားလို့ မေးတုန်းကမေးပြီး ကဗျာစာအုပ်တောင် မ၀ယ်ချင်ဘူးလား ဟွန်း ”

“ မ..မဟုတ်ပါဘူး ၀ယ်မှာပါ အစ်မနွေး ”

“ အယ်.. ငါ့ကို အစ်မကြီးတပ်မခေါ်စမ်းပါနဲ့ မနွေးလို့ပဲ ခေါ် ရော့...ရော့ ”

ဆိုပြီး ကဗျာစာအုပ်ရောင်းပါတယ် ။ တစ်ညလုံး အဲဒီကဗျာစာအုပ်လေးကို အလွတ်ရတဲ့ အထိ ထိုင်ဖတ်နေမိတယ် ။ နားလည်သလိုလို နားမလည်သလိုလိုနဲ့ ။ နောက်နှစ်ရက် မြောက်နေ့ရဲ့ မနက်ခင်း တစ်ခုမှာ သတင်းတစ်ခုက စောင့်ကြိုနေပါတယ် ။ “ မနွေး နွေး ယောင်္ကျားနောက်လိုက်သွားပြီ ” တဲ့ ။ “ ဟင် ” ကျွန်တော်လည်း အံ့သြသွားတယ် ။ မြန်လှချည်လားပေါ့ ။ စိတ်ထဲမှာ ၀မ်းနည်းသလိုလို စိတ်ဆိုးသလိုလို နှမြောသလိုလို တစ်မျိုးကြီးပဲ ။ ပထမဆုံးအကြိမ် ဘာမှန်းမသိလိုက်ရပဲ အသဲကွဲသွားခြင်းပါပဲ ။ လူက မလှုပ်ချင် မကိုင်ချင်နဲ့ ခေါင်းငိုက်စိုက်နဲ့ ပြန်လာတုန်း ကောင်မလေး တစ်ယောက်က ဘေး တစောင်းဝင်တိုက်သွားပါတယ် ။ “ ဆောရီးနော်” လှည့်ပြောလိုက်တဲ့ အသံချို လွင်လွင် လေး.... ။ တစ်ထိုင်တည်းပဲ မှတ်ချက်ချလိုက်တယ် ။ “ အတော့်ကို လှတဲ့ ကောင်မ လေးပဲ ” လို့ ။း)

ဆက်လက်ရေးသားပါဦးမည် ။

စာရေးသူ.......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ကိုရင် သက်တန့်
    တကယ့်အဖြစ်အပျက်လား..
    ဇ တော့အတော်ကောင်းဘဲနော် ၆တန်းလောက်နဲ့ အတတ်ကောင်းတွေတတ်နေတယ် ဟုတ်လား..
    ချစ်သူများနေ့မှာ ချစ်သူလေးနဲ့ပျော်ပါစေ သူငယ်ချင်းရေ..

    ReplyDelete
  2. ကိုသက်တန့်ရေ နောက်ဆုံးမှာ ၀င်တိုက်လိုက်တဲ့ ကောင်မလေးလေးနဲ့ ဇာတ်လမ်းပြန်စဗျာ အားပေးနေပါ့မယ်။

    ReplyDelete
  3. အတော်လှတဲ့ကောင်မလေးနဲ့ ဒုတိယပိုင်းလေးမျှော်နေ မယ်နော်..
    အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete
  4. ကိုသက်တန့်ရေ ဇတ်လမ်းလေးက စိတ်ဝင်စားစရာလေးနော် ရင်ခုန်တတ်စ အရွယ်ဆိုတော့ ပျော်စရာလေးနော် ဆက်ရန်ကိုစောင့်နေပါ့မယ်

    အားပေးလျှက်
    သမီးပျို

    ReplyDelete
  5. ဇာတ်လမ်းအဖွင့်ကတော့ စွဲသွားပြီ အစ်ကိုရေ..
    ကိုယ်ကလည်း အဲဒီအရွယ် ကမြင်းကြောထဖူးတော့ :) ဆက်ဖတ်မယ်နော်အစ်ကို

    ReplyDelete
  6. ဟားးဟားး
    နောက်ဆုံး
    ဟက်ထိ သွားတယ် ပေါ့ ...

    ReplyDelete
  7. ဒီလိုမပြုံးမိတာ ကြာပေါ့။ ကျေးဇူး။

    ReplyDelete
  8. ခြောက်တန်းကျောင်းသားလေးအရွယ်နဲ့နော် ကောင်လေး ဟဟား ဖတ်ရတာ သဘောကျစရာလေးနော်။ မောင်လေးရေ အဆက်ရေးပါ။ စောင့်ပြီးဖတ်မယ်

    ReplyDelete
  9. ဟားဟား ရီရတယ်၊ ဆက်အားပေးနေပါမယ်၊

    ReplyDelete
  10. ငယ်သွေးApril 3, 2012 at 3:02 PM

    ကိုသက်တန့် စာရေးတာ သူများတွေ နောက်ထပ်ဖတ်ချင်အောင် စွဲလမ်းအောင်ရေး တတ်တာကိုက ဇ တမျိုးပဲနဲ့ တူတယ်နော် ။

    ReplyDelete