Thursday, February 25, 2010

ချစ်သူပြောသော ပုံပြင်များ ( ၁ )

ချစ်သူပြောသော ပုံပြင်များ ( ၁ )

ရွှေသစ်ပင်...

ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ် ။ သမီးရည်းစားတွေ တွေ့ကြတဲ့အခါ ချစ်သူလေးကို ပုံပြင်လေးတွေ ပြောပြတဲ့အခါ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်မလဲလို့ ။ ဒါကြောင့် ကျွန်တော်က ချစ်သူပြောသော ပုံပြင်များဆိုပြီး ချစ်သူသမီးရည်းစားတွေအတွက် လက်ဆောင်ပေးလိုပါတယ် ။ ဒီပုံပြင်လေးတွေကို မှတ်သားပြီး ချစ်သူကို ပြန်ပြောပြတဲ့အခါ သူ့ရဲ့ ကြည်နူးတဲ့ အရိပ် လေးတွေကိုခံစားနိုင်ကြပါစေ ။




တစ်ခါတုန်းကပေါ့ ။ တိုင်းပြည်လေးတစ်ပြည်ဟာ ဆန်ရေစပါး ပေါများစွာနဲ့ မြစ်ကြီး ငါးသွယ်ရဲ့ အလယ်မှာ အေးချမ်းစွာ တည်ရှိနေလေရဲ့ ။ အဲဒီတိုင်းပြည်လေးနာမည်က " ၀တ္တိ" လို့ ခေါ်ပါတယ် ။ ၀တ္တိပြည်မှာ အလွန်ကို ချောမောလှပပြီး မြင်သူတိုင်းတပ်မက် လောက်တဲ့ ရုပ်အဆင်းနဲ့ စိတ်သဘောထား အလွန်ကောင်းတဲ့ မင်းသမီးလေး တစ်ပါးရှိတယ်တဲ့ ။ အဲဒီမင်းသမီးလေးဟာ အလွန်ကို လှပတဲ့အတွက် သူမကို လိုချင်တပ်မက်တဲ့ ဘေးနားကတိုင်းပြည်တွေက မင်းသားတွေဟာ လက်ဆောင်ပစ္စည်းမျိုးစုံနဲ့ လာရောက်တောင်းယူကြပါတယ် ။ ဖခမည်းတော် ဘုရင်ကြီးကလည်း နေ့စဉ်သမီးတော်ကို လာရောက်တောင်းရမ်းနေတဲ့အတွက် သင့်တော်တဲ့လူနဲ့ လပ်ထပ်ပေးဖို့ စီစဉ်ပါတယ် ။ အဲဒီအခါ ဘုရင်ကြီးက သူ့သမီးတော်လေးနဲ့ တိုင်ပင်ပါတယ် ။ သမီးတော်လေးက ဥာဏ်ပညာထပ်မြက်တဲ့ သူ ဖြစ်တဲ့အတွက် သူ့ရဲ့ ခင်ပွန်းရွေးချယ်ပွဲကို သူကိုယ်တိုင် ရွေးချယ်မယ်လို့ ဖခင် ဘုရင်ကြီးကို ခွင့်ပန်လိုက်ပါတယ် ။ ဘုရင်ကြီးကလည်း သမီးတော်လေးရဲ့ ဥာဏ်ရည်ကို သိနေတဲ့အတွက် အသာတကြည်ပဲ ခွင့်ပြုတော်မူလိုက်ပါတယ် ။

အဲဒီအခါ မင်းသမီးလေးက သူ့ရဲ့ တိုင်းပြည်လေးမှာ ကြေငြာချက် တစ်ခုကို ထုတ်ပြန်လိုက်ပါတယ် ။ အဲဒီကြေငြာချက်ကတော့ ဘုရင့်သမီးတော်လေးနဲ့ လက်ထပ်လိုသူများသည် နောက်တစ်ပတ် တိတိနေ့ လည်အချိန်တွင် နန်းရင်ပြင်သို့ လာရောက်စုဝေးရမည် ဟု ဖြစ်ပါတယ် ။ အဲဒီသတင်းဟာ တောမီးပမာ တိုင်းပြည် အသီးသီး ကို တဟုန်ထိုး ပျံ့နှံ့သွားသတဲ့ ။ အနယ်နယ်အရပ်ရပ်က တိုင်းပြည်အသီးသီးက မင်းသားတွေလည်း မင်းသ မီးလေးဆီလာဖို့ ပြင်ဆင်ကြတော့တာပေါ့ ။ အဲဒီအချိန်မှာ မင်းသမီးလေးနေတဲ့ တိုင်းပြည်လေးရဲ့ မြို့ပြင်က ယာကွက်လပ်လေးမှာ ရာဟုဆိုတဲ့ တောသားလေးတစ်ယောက်နေထိုင်ပါတယ် ။ ရာဟုလေးက စိတ်သ ဘောထားနူးညံ့ပြီး ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ် ။ မိခင်အိုကြီးကို သီးနှံစိုက်ခင်းတွေ စိုက်ရင်း လုပ်ကျွေးနေသူလည်း ဖြစ်ပါတယ် ။ ရာဟုကလည်း အဲဒီသတင်းကို ကြားမိသွားသတဲ့ ။ ဒါနဲ့ သူလည်း မိခင်ကို ခွင့်ပန်ပြီး ၀တ္တိပြည်ကြီးဆီကို အရောက်လာခဲ့ပါတယ် ။ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ သူရဲ့ ချို့တဲ့တဲ့ အသွင် သဏ္ဍာန်က တောက်ပြောင်လှပစွာ ၀တ်ဆင်လာတဲ့ မင်းညီမင်းသားတွေ အလယ်မှာ မှေးမှိန်နေတာပေါ့ ။ နန်းရင်ပြင်ထဲ ၀င်ကြတဲ့အခါ တံခါးစောင့်က ရာဟုကို သူဖုန်းစားမှတ်ပြီး ၀င်ခွင့်မပေးဘူးတဲ့ ။ အဲဒီအခါ ရာဟုလည်း စိတ်မကောင်းဖြစ်ပြီး နန်းရင်ပြင်ထဲ ငေးကြည့်နေတာပေါ့ ။ အဲဒီအခိုက်မှာပဲ မင်းသမီးလေးက ပန်းဥယျာဉ်ထဲက ရံရွေတော်တွေနဲ့ ဆော့ကစားပြီး နန်းရင်ပြင်ထဲ ပြန်ဝင်လာပါတယ် ။

မင်းသမီးလေးက ရာဟုကိုတွေ့တဲ့အခါ အကျိုးအကြောင်းမေးသတဲ့ ။ ရာဟုက ဖြစ်ကြောင်း ကုန်စင် ကိုပြောပြလိုက်တဲ့အခါ မင်းသမီးလေးက တံခါးစောင့်ကို ယနေ့တွင် ယောင်္ကျားပျို မှန်သမျှ ဆင်းရဲ ချမ်းသာအယုတ်အလတ် မရွေး လာရောက်နိုင်ကြောင်းပြောပြီး ရာဟုကို ၀င်ခွင့်ပေးစေသတဲ့ ။ ဒီလိုနဲ့ နန်းရင် ပြင်မှာ မင်းသားအကုန်စုံတဲ့အခါ မင်းသမီးလေးက စတင်ပြီး ပြောကြားပါတယ် ။ မင်းသမီးလေးက မိမိကို လက်ထပ်ချင်သော ယောင်္ကျားတိုင်းသည် နန်းရင်ပြင် အလယ်တွင် ချထားသော သစ်စေ့အိုးကြီးထဲမှ သစ်စေ့တစ်စေ့ကို ယူနိုင်ပါကြောင်း ။ တစ်နှစ် တိတိပြည့်သော နေ့တွင် သစ်စေ့လေးမှ ရွှေပင်လေးပေါက်အောင် ပြုစုပျိုးထောင်နိုင်သူကို မိမိ လက်ထပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ အဲဒီအခါမှာ မင်းညီ မင်းသားတွေဟာ သစ်စေ့အိုးကြီးထဲက သစ်စေ့တွေကို အလုအယက်ယူငင်ကြပါတယ် ။ နောက်ဆုံး မင်းညီမင်းသားတွေ အကုန်ယူငင်ပြီးတော့ ရာဟု အလှည့်လည်းရောက်ရော အသေးဆုံး အညှက်ဆုံး သစ်စေ့လေး တစ်စေ့သာ ကျန်တော့သတဲ့ ။ အဲဒီသစ်စေ့လေးကို ရာဟုက ယူလိုက်တဲ့အခါမှာ မင်းညီမင်း သားအားလုံးက ၀ိုင်းပြီး လှောင်ရယ်ကြပါတယ် ။ ဒါပေမယ့် ရာဟုက တစ်ခွန်းမှ ပြန်မပြောပဲ သစ်စေ့လေးကို ယူပြီး နန်းရင်ပြင်အပြင်ဖက်ကို လှမ်းထွက်ခဲ့ပါတော့တယ် ။

ရာဟုလေးလည်း အိမ်ပြန်ရောက်တဲ့အခါမှာ သစ်စေ့လေးကို စတင်ပြီး စိုက်ပျိုးပါတော့တယ် ။ လိုအပ်တဲ့ မြေသြဇာနဲ့ နေ့စဉ်ရေပုံမှန်လောင်းပြီး စိုက်ပျိုးပါတယ် ။ ဒီလိုနဲ့ သူ့ရဲ့ ဂရုတစိုက်နဲ့ ရေလောင်းပေါင်းသင်မှုကြောင့် သစ်ပင်လေးဟာ အစွမ်းကုန်ဖူးပွင့်လာခဲ့ပါတယ် ။ ဒါပေမယ့် မင်းသမီးလေးပြောသလိုတော့ ရွှေပင်လေး တစ်ပင်တော့ မဟုတ်ခဲ့ပါဘူး ။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး တစ်နှစ်တင်းတင်းပြည့်တဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတယ် ။ ရာဟုလည်း သူစိုက်ပျိုးယုယခဲ့တဲ့ သစ်ပင်လေးကို ယူဆောင်ပြီး နန်းရင်ပြင်ကြီးဆီကို တစ်ခေါက် ပြန်သွားခဲ့ပါတယ် ။ နန်းရင်ပြင်ကြီးမှာတော့ ရာဟုနည်းတူ အခြားမင်းညီမင်းသားတွေလည်း အစုံအလင်ရောက်ရှိလို့ နေပါတယ် ။ ဒါပေမယ့် သူတို့အသီးသီးရဲ့ လက်ထဲမှာ တော့ ရွှေပင်လေးတွေ ကိုင်လို့ပေါ့ ။ တစ်ဦးချင်းဆီကလည်း ဒီရွှေပင်လေးတွေ ရဖို့အတွက် မည်မျှ စိုက်ပျိုးခဲ့ကြောင်းကို ဂုဏ်ယူပြောဆိုနေကြသတဲ့ ။ အချိန်အခါသင့်တဲ့အခါ နန်းရင်ပြင်ထဲကို မင်းသမီးလေးက ကြွလှမ်းလို့လာပါတယ် ။ အဲဒီအချိန်က ရာဟုရဲ့ သစ်ပင်လေးကို အခြားမင်းသားတွေက ၀ိုင်းလှောင်နေကြတဲ့အချိန်ပေါ့ ။ နောက်တော့ မင်းသမီးလေးက မင်းသားတစ်ဦးချင်းဆီကို ရွှေပင်လေးပါရဲ့လားလို့ မေးသတဲ့ ။ မင်းသားအသီးသီးကလည်း အားရ၀မ်းသာနဲ့ ရွှေပင်လေးပါကြောင်း ပြောပြီး ထုတ်ပြသတဲ့ ။ မင်းသမီးလေးက ဘာမှ ပြန်မပြောပဲ ပြုံးနေပြီး ရာဟုအ လှည့်ရောက်တဲ့အခါမှာ ရွှေပင်လေးပါလားလို့ မေးပါတယ် ။ ရာဟုက သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးကို ထုတ်ပြပြီး ဒီအပင်လေးဟာ မှန်ကန်တဲ့ မေတ္တာ တရားနဲ့ စိုက်ပျိုးထားတဲ့ မိမိ ရွှေပင်လေးပင်ဖြစ်ကြောင်း ။ အခြားမင်း သား တွေလို ရွှေအစစ်အပင်လေးကို မယူဆောင်လာနိုင်ခဲ့၍ ၀မ်းနည်းကြောင်းပြောပါတယ် ။ မင်းသမီးလေးက ရာဟုလေးကို စိုက်ကြည့်ပြီး နှစ်သက်မြတ်နိုးစွာ ပြုံးလိုက်သတဲ့ ။ ပြီးနောက် ရာဟုရဲ့ သစ်ပင်လေးကို ယူ ဆောင်ပြီး မင်းသားတွေ ကို စကားစတင်ပြောကြားပါတယ် ။

မင်းသမီးလေးက မိမိဟာ တစ်သက်တာမှာ စကားတည်ကြည်ပြီး အမှန်အတိုင်း ပြောဆိုတတ်တဲ့ လိမ်ညာမ ပြောတတ်တဲ့ ယောင်္ကျားကို ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ရာဟုလေးကို လက်ဆွဲပြီး ပြောကြားပါတယ် ။ ဒီအခါမှာ မင်းသားတွေက ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြတာပေါ့ ။ မင်းသမီးလေးက ဆက်လက်ပြီးတော့ သူပေးလိုက်တဲ့ သစ်စေ့တွေဟာ သာမန်သစ်စေ့တွေဖြစ်တဲ့အတွက် မည်သည့်နည်းနှင့်မျှ ရွှေပင်ပေါက်လာ နိုင်စရာ အကြောင်းမရှိကြောင်း ။ ရွှေပင်ပေါက်သည်ဟု ပြောသည့်မင်းသားများသည် မိမိကို လိမ်ညာသော သူများသာဖြစ်ပြီး အမှန်ကို ပြောမပြော လိမ်ညာခြင်းရှိမရှိစမ်းသပ်ခြင်းသာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ် ။ ဒီအခါမှာ တိုင်းပြည်အသီးသီးက မင်းသားအားလုံးဟာ လွန်စွာ အရှက်ရကြပြီး ၀မ်းနည်းစွာ နေရပ်တိုင်း ပြည်များကို ပြန်သွားကြတော့သတဲ့ ။ မင်းသမီးလေးဟာ ရာဟုလေးကို လက်ထပ်ယူလိုက်ပြီး သူ့ရဲ့ မိခင် အိုကြီးကိုလည်း နန်းတော်ထဲ ခေါ်ဆောင်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ တစ်သက်လုံး နေထိုင်သွားကြတော့သတဲ့ကွယ် ။

ဒီပုံပြင်လေးကို ဖတ်ပြီး လောကကြီးမှာ တစ်ခါတစ်ရံ မိမိ တစ်ဦးတည်း ဖြစ်ပေမယ့်လည်း လိုအပ်တဲ့အခါမှာ မှန်ကန်တဲ့အတိုင်း ပြုမှုနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သတိပြုမိဖို့ပဲ ဖြစ်ပါတယ် ။

ချစ်သူလေးကို ပုံပြင်လေးတွေ ပြောပြနိုင်ပါစေ....။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ချစ်သူလေးက ပုံပြောကောင်းသူလေးလား..
    ပုံပြင်လေးက ချစ်စရာ....း)

    ReplyDelete
  2. တစ်ဦးတည်းဖြစ်ပေမယ့် မှန်ကန်တဲ့အတိုင်း ပြုမူနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သတိပြုမိသွားတယ်။
    လှပတဲ့ ပုံပြင်လေးပဲ၊ ဆက်ပြောပါအုံး။

    ReplyDelete
  3. အလွန်ကောင်းတဲ့ ပုံပြင်လေးပါပဲဗျာ..

    ဆက်ရေးပါဦး..အားပေးလျက်ပါ။

    ReplyDelete
  4. your idea is good for couple
    thanks a lot sweet rainbow

    ReplyDelete
  5. ပုံပြင်လေးတွေ နှစ်သက်သူမို့ အားပေးသွားပါတယ်

    နောက်ထပ်လည်းဖတ်ချင်ပါသေးတယ်ဗျာ

    ReplyDelete
  6. ကျွန်မချစ်သူလေးကိုလည်း ပုံပြင်ပြောပြချင်လို့ နောက်ထပ် အသစ်တွေ ရှိရင်လဲ တင်ပေးပါအုံးနော်

    ReplyDelete
  7. ကျွန်မ ချစ်သူလေးကိုလဲ ပုံပြင်လေးတွေပြောပြချင်လို့ နောက်ကို ပုံပြင်လေးတွေ တင်ပေးပါအုံးနော်

    ReplyDelete
  8. ဖတ်လို့ ကောင်းလိုက်တာ..

    ReplyDelete
  9. ဒီပုံလေးဆီကရလိုက်တာကတော့ နောက်ဆိုရိုးရိုးသားသားနဲ့ပွင့်ပွင့်လင်းလင်းပြောဖို့လိုအပ်တယ်ဆိုတာသိလိုက်ရတယ်.....

    ReplyDelete
  10. လောကကြီးမှာ တစ်ခါတစ်ရံ မိမိ တစ်ဦးတည်း ဖြစ်ပေမယ့်လည်း လိုအပ်တဲ့အခါမှာ မှန်ကန်တဲ့အတိုင်း ပြုမှုနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သတိပြုသင့်တယ်..

    ReplyDelete