Wednesday, November 2, 2011

ရနံ့မပြယ်သော....ပြဒါးတစ်ချပ်

ရနံ့မပြယ်သော....ပြဒါးတစ်ချပ်




(၁)

စိမ့်စိမ့်ပျပျ.....မှိုင်းညို့နေတဲ့ကောင်းကင်မှာ...ကိုယ့်တောင်ပံကိုယ် အစွမ်းကုန်ဖြန့်ကားလို့ ... ငှက်တစ်ချို့ ညက် ညက်ညောညောပါပဲ အုပ်စုဖွဲ့ပျံသန်းသွားကြတယ် ။ တဟူးဟူးတိုက်ခတ်နေတဲ့ လေပူတွေက ... သူ့တစ်ကိုယ်လုံး ငရဲမီးငွေ့တွေ နဲ့သိမ်းထုပ်ထားသလို ပူလောင်အိုက်စပ်နေတယ် ။ အရိပ်ကောင်းမွန်တဲ့ ကုက္ကိုလ်ပင်ကြီး နှစ်ပင်ကို ဘွားက နဲတွေ့လိုက်ရတော့ မမြင်နိုင်တဲ့ ကြောက်မက်ဖွယ်ရာ အေးစိမ့်မှုတစ်ခုက အသဲနှလုံး ကို ရေခဲရိုက် အသေကောင်လက်တစ်စုံနဲ့ ဖမ်းဆုပ်ထားသလိုမျိုး သူ..အေးကနဲ...စိမ့်ကနဲ....ကြက်သီးတွေ တဖျန်းဖျန်း ထသွား တယ်.. သူ့ရှေ့ ရွာကလေးကတော့ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ် သက်လို့နေ တယ် ။ ရုတ်တရက်နီရဲလာတဲ့ ကောင်းကင်ပြင်ကိုကြည်ံ၇င်း မကြာခင် မိုးရွာတော့မှာပါလားလို့ သူတွေးမိ လိုက် တယ်... သူ.....ရွာကလေးထဲ ဆက်ဝင်ရမလား...ဒါမှမဟုတ်...လာလမ်းအတိုင်း လှည့်ပြန်ရမလား....????

“ နှင်းဖန်ဆင်းတဲ့စုန်း
အလင်းပြန်ရိုက်ထောင့်တွေနဲ့
ဇတ်လမ်းအစ..မှာပဲ
မာယာ ကဝေတို့...
ပျော်ပွဲရွှင်ပွဲ.....ကျင်းပနေကြတယ် ”

(၂)

အမှောင်ထုက...မျက်လုံးထဲ ခရမ်းပြာပြာတွေ ဖွဲနဲ့ပက်သလိုမျိုး အထပ်ထပ် မှုန်ပြလာတယ် ... မထူးတော့ပါဘူး... ရွာကလေးထဲ စ၀င်ဝင်ခြင်းမှာပဲ..သူ... မူးဝေ မသွားရအောင် ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေကို မနည်းပဲ ထိမ်းထား လိုက်ရတယ် ... ဘုရား...ဘုရား.... လူသေအလောင်းကောင်တွေ..အထပ်လိုက်အထပ်လိုက်.... ရွာ ကလေး ရဲ့ အ၀င်လမ်းမပေါ် .. စုပုံလို့ ယင်တွေ တအုံးအုံးနဲ့ နတ်မိစ္ဆာတွေ ပွဲတော်တည်နေ သလိုမျိုး ကြောက် မက် ဖွယ်ကောင်းနေတယ် ... တကယ်တော့ သူက ဒီရွာလေးအတွက် တာဝန်ကျတဲ့ ဆရာဝန် ပေါက်စလေး တစ်ယောက်ပါ ။ ဒီရွာလေးကို အခြေပြုပြီး နေထိုင်ကြတဲ့ အခြားရွာ ငယ်လေးတွေ လည်းအများ ကြီးရှိပါသေး တယ် ... အခုတော့ ရွာကလေး သူ့ကို စိန်ခေါ်မှု အသစ်တွေနဲ့ ဓါးသွားရှ ရှ တွေ ဖြန့်ခင်းထားသလိုမျိုး ပုစ္ဆာပေါင်း များစွာနဲ့ ဆီးကြိုနေခဲ့တယ် ။

လှိုက်လှိုက်ပြီးတက်လာတဲ့ သိလိုဇော အရှိန်တွေကြောင့် အဲဒီ အေးစက်စက် အလောင်းကောင်တွေ ကို ကျော် ဖြတ်... သူ....ရွာထဲ ၀င်ခဲ့တယ် ... နေရာတိုင်းမှာ အလင်းတွေ ပျောက်ဆုံးနေသလိုမျိုး ညှီစို့စို့ ရနံ့တစ်ခုကို ရနေသလိုမျိုး သုဿန်ဆန်လှတယ် ... ဘုရားရေ... မကြာသေးခင်က ဒီရွာလေးမှာ ဘယ်လို သွေးပျက်ဖွယ်တွေ ဖြစ်ခဲ့ပါလိမ့် ... တစ်ရွာလုံးဆုံးသွားတာတောင် အသက်ရှင်သူဆိုလို့ ခွေးတစ်ကောင်ပင်မရှိ .... အရာရာသည် ပကတိ တိတ်ဆိတ်လျှက်.... ။ ပင်လယ်ကို ဖြတ်သန်းတိုက်ခတ်ပြီး ရွာကလေး ကို ရောက်ရှိလာတဲ့ လေထု အချို့မှာ ဆားရနံ့တွေ သင်းဝေနေတယ် ... သူ... တခုခုကို ဆုံးဖြတ်ရတော့မယ်... ဒီရွာကလေးကနေ ထွက်သွားရ မလား...ဒီပုစ္ဆာကို အဖြေထုတ်မလား... အဲဒီအတွက် ဘာတွေပေးဆပ်ရ မလဲ...သူ... .ရေရေ ရာရာ မသိ...။

“ အဲဒီလိုနဲ့
အဲ ဒီ လို နဲ့
အဲ ဒီ လို နဲ့ . . .
စေတန်ရဲ့ နမိတ်ဆိုးကို
အဖိုးအခအဖြစ် တပ်ဆင်လို့
သူတို့...အောင်သေအောင်သားစားကြတယ်
ညနေခင်းကလည်း
သူ...မဆန်စွာ..အကျည်းတန်လို့
ခပ်ပြင်းပြင်း...နင်းခြေသံတွေ လွင့်ပျံ့ဆဲ...”

(၃)

နောက်တစ်နေ့ မနက်ကစလို့ တိတ်ဆိတ်ခြောက်ကပ် ..တဲ့ သုဿန်ရွာလေးထဲမှာ ဟိုနေရာတ ကုပ်ကုပ်.. ဒီနေရာတကုပ်ကုပ်..အလုပ်ရှုပ်နေတဲ့..လူငယ်တစ်ဦးကို နေ့စဉ်မြင်တွေ့ရပါတော့တယ် .. တခါတခါ... ဓါးပါးပါးနဲ့ သူက လူသေတွေ ရင်ဘတ်ကိုခွဲ...ခပ်ရဲရဲပဲ သူသိချင်တာကိုရှာဖွေတယ်.. တခါတခါ ရွာတောင်ပိုင်းက စမ်းချောင်း ထဲမှာ...တခါတခါ ရွာအနောက်ပိုင်းက တောအုပ်တွေထဲမှာ...တခါတခါ... ရွာအလယ် လမ်းမှာ ငေးငေး ငိုင်ငိုင်... သူ့ရဲ့ ဂျူနီကုတ်လေးကို ကိုင်လို့ ရွာကလေးကို မိုးပြီးကြည့်နေတတ်တယ် ။ ခြောက်ခြား ဖွယ်ရာ အိပ်ပျက်ညတွေ မှာလည်း အမျိုးမျိုးခြောက်လှန့်တဲ့ အိပ်မက်ဆိုးတို့က သူ့ကို စီးပိုးချုပ်ကိုင်ထားတယ်... ။

A . ရွာထဲကလူတွေအားလုံး ရောဂါတစ်ခုခုကြောင့် သေဆုံးကုန်နေတာလား ?
B . တစ်ရွာလုံး လူဆိုးဓါးပြတွေ အနိုင်ကျင့် သတ်ဖြတ်တာ ခံလိုက်ရတာလား ?
C . ဒါမှမဟုတ်... သူတို့ ဘယ်လို ကြောက်မက်ဖွယ် ရာတွေ တွေ့ကြုံခဲ့ရသလဲ ?

(၄)

အလင်းရောင် သိပ်မရှိတော့တဲ့ ဖျော့တော့တော့ ညနေခင်းတစ်ခုမှာ သူ့မျက်ဝန်းတွေ ရုတ်တရက် လင်းလက်ဝေ ဖြာသွားခဲ့တယ် ။ သူ....သိရပြီ.... ခက်ခက်ခဲခဲ သူတွက်ဆနေတဲ့ ပုစ္ဆာရဲ့အဖြေ...အဲဒီအရာလေးတစ်ခု.... ဒီထက် တိတိကျ ကျပြောရရင် အဖြေက အလောင်းကောင်တွေဆီမှာပဲရှိတယ်...သူ... ကျေနပ် ၀မ်းမြောက်မှုနဲ့ ရင်ဘတ် ဟာ...လှုပ်ခါ တုန်ရီနေတယ် .... ဒီညနေတော့ အမှောင်ထုက မဟူရာအလင်းလွှာကို ဖြန့်ကျဲ ရစ်ဆိုင်းထားလို့ သူ.... အဲဒီ လူသေကောင်တွေဆီ မသွားနိုင်သေးဘူး ။ နက်ဖြန်ခါရဲ့ အာရုံဦးဟာ...သူ့ရဲ့အဖြေ.... တိတိကျကျ ..... ထွက် လာမယ့် ရင်ခုန်စရာ ပြက္ခဒိန် စာရွက်တစ်ရွက်ဖြစ်ခဲ့တယ် ..။

(ဇတ်သိမ်း)

မိုးလင်းလင်းချင်း မြင်ကွင်းတစ်စုံကြောင့် သူမယုံနိုင်စွာ မှင်သက်အံ့သြသွားမိတယ် ... ရွာကလေးရော ... စမ်းချောင်းလေးရော... လူသေကောင်တွေရော... ရွာအ၀င်လမ်း မရော.... တောအုပ် ကလေးရော... အရာအား လုံးမျက် လှည့်ပြသလိုပဲ...ဖျက်ကနဲ ဘာမှမရှိတော့ဘူး .. ။ အခု...သူ...ကွင်း ပြင်ထီးထီးကြီးထဲ.. .ဘေးနား.. .မြေပုံမို့မို့လေးတွေနဲ့...သူ....တစုံတခုကို နားလည်လိုက်မိပြီး ခေါင်းကို အသာခါယမ်းလိုက်မိတယ် ..။

“ ဟင်း..ဒီတစ်မနက်တည်းကိုကွာ...ဒီမနက်ဆို...အဖြေသိရပြီကို........ဟင်း...”

သက်ပြင်းတွေအခါခါ ချ.....သူ.....အဲဒီနေရာလေးက ထွက်ခွာသွားခဲ့တယ် ..................................

သက်တန့်ချို
2nd Nov 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. A . ရွာထဲကလူတွေအားလုံး ရောဂါတစ်ခုခုကြောင့် သေဆုံးကုန်နေတာလား ?
    B . တစ်ရွာလုံး လူဆိုးဓါးပြတွေ အနိုင်ကျင့် သတ်ဖြတ်တာ ခံလိုက်ရတာလား ?
    C . ဒါမှမဟုတ်... သူတို့ ဘယ်လို ကြောက်မက်ဖွယ် ရာတွေ တွေ့ကြုံခဲ့ရသလဲ ? ??????????

    ReplyDelete
  2. အဖြေကို ဖုံးဖုံးဖိဖိ ထားတတ်တာ ( ထင်ရ ) မမြင်ဟန်ဆောင်စေချင်လို့လား ...

    ReplyDelete
  3. ကြွေရုပ်ကောင်းကင်November 2, 2011 at 1:04 PM

    ဆရာဝန်လေးက လူတွေအစုလိုက်သေဆုံးကုန်တဲ့ရွာပျက်ထဲရောက်သွားတာလား။ တုံးတယ်ပြောပြော ဘာကိုရည်ရွယ်မှန်း နားလည်ဘူးကွယ်။

    ReplyDelete
  4. ဆရာဝန်လေးလိုပဲ မချိတင်ကဲနဲ့ ဒီတစ်မနက်လေးပဲလို့ ရေရွတ်ပြီး သိချင်စိတ်ပြင်းပြစွာနဲ့ ဖတ်သွားတယ်အကို....

    ReplyDelete
  5. အမှန်တော့ အဲဒီဆရာဝန်လေးဟာ ခရီးသွားရင်း လမ်းခုလတ်မှာ သဘက်(နာနာဘာဝ)ရွာရဲ့ ပြုစားခြင်းကို ခံလိုက်ရတာပါ..။

    ReplyDelete
  6. “ ဟင်း..ဒီတစ်ခေါက်တည်းကိုကွာ...ဒီခေါက်ဆို...အဖြေသိရပြီကို........ဟင်း..နက်က ကျသွားရတယ်လို့”

    ReplyDelete
  7. အဖြေကိုမပြောဘဲ ချန်သွားတာတော့ စာဖတ်သူကိုဆွဲဆောင်တာလား။ တစ်ခုခုစဉ်းစားခွင့်ပေးချင်တာလားဆိုတာကျွန်တော်မဝေခွဲတတ်ပါဘူး။ စာရဲ့အစမှာ လေပူတွေတိုက်တယ်ပြောပြီးမိုးရွာတော့မယ်လို့လည်းပြောထားတယ်။ အဲဒါတော့ နည်းနည်းကွဲလွဲချက်ဖြစ်မယ်ထင်တယ်နော်။ မိုးရွာခါနီးဆိုတော့တိုက်တဲ့လေက အေးလာသင့်ပြီလို့ကျွန်တော်ထင်ပါတယ်။

    ReplyDelete
  8. နှစ်ခါပြန်ပြီးသေချာဖတ်လည်း ရေရာတဲ့အဖြေကို ရှာမတွေ့ခဲ့ပါ ဆရာဝန်လေး အိမ်မက်မက်တာပဲနေမှာ...

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails