Saturday, November 19, 2011

နတ်သမီး (သို့မဟုတ်) အဖြူရောင် အလင်းပွင့် ရစ်သမ်များ

နတ်သမီး (သို့မဟုတ်) အဖြူရောင် အလင်းပွင့် ရစ်သမ်များ



ဘာလိုလိုနဲ့ ၁၉.၁၁.၂၀၁၁ ခုနှစ်မှာ အစ်မတော် နတ်သမီးရဲ့ မွေးနေ့ ရောက်ရှိလို့လာပြန်ပါပြီ ။ မှတ်မှတ်ရရ အစ်မနတ်သမီးအတွက် ကျွန်တော်မွေးနေ့ ကဗျာရေးပေးခဲ့တာ အခုဆိုရင် ၃ နှစ် ။ အသက်တွေ တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ဟာ လူတွေရဲ့အကြောင်း ကို ပိုမိုသိလာရတယ် ။ တချို့တွေကတော့ တကယ့် ကို အပေါ်ယံပါးပါးလေးတွေ ။ တချို့တွေကတော့ တကယ့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခင်မင်ကြသူတွေ ။ တဖြည်းဖြည်း ဘ၀ဟာ ရှည်ကြာလာတာနဲ့အမျှကျွန်တော်တို့အတွက် ဘယ်အရာဟာ အရေးကြီးဆုံးလဲဆိုတာ သိလာရတယ် ။ အစ်မနဲ့ ကျွန်တော် ဘလော့လောကမှာ ဘယ်လိုစတွေ့ကြတယ် ဘယ်လိုစခင်မင်ပြီး ဘယ်လို ကူညီရိုင်း ပင်းခဲ့ကြတယ်ဆိုတာ ရှေ့ကပို့စ်တွေမှာ ဖော်ပြပြီးဖြစ်တဲ့အတွက် အထူးတလည် ပြန်လည် မဖော်ပြတော့ပါဘူ့း ။ ကျွန်တော်က အဖြူရောင်နတ်သမီးကို အစ်မလို့ခေါ်ရတာသိပ်အားရတာပါပဲ ။ ကျွန်တော် ဟာ အိမ်မှာ မောင်နှမ နှစ်ယောက်ပဲရှိတဲ့အထဲ အကြီးဖြစ်နေတဲ့အတွက် အကို(သို့မဟုတ်) အစ်မ တစ်ယောက်လောက် သိပ်လိုချင်မိတယ် ။ အကြီးဖြစ်တဲ့အခါ ဘာပဲပြောပြော အရာရာကို အလျော့ပေးရတယ် ။ သည်းခံ ရတယ် ။ မုန့်တစ်ခုကို လုစားရင်တောင် ကျွန်တော်က ညီမလေးအတွက် အမြဲအလျော့ပေးခဲ့ရတယ် ။ မိသားစု၎ ယောက်သာ ရှိတဲ့ ကျွန်တော်တို့ အိမ်ဟာတခါတခါ ခြောက်သွေ့လွန်းနေတယ် ။

အဲဒီလို မုန့်လုစားရတဲ့အခါ ကျွန်တော်ဟာ အငယ်နေရာရောက်ပြီး အစ်မတစ်ယောက်လောက်သာရှိရင် ကျွန်တော့် ကို အလျော့ပေးမှာပဲလို့ တွေးမိတယ် ။ အကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေ ရှိပေမယ့် ကျွန်တော့်ကို အရမ်း ချစ်တဲ့ အကြီးတစ်ယောက်လောက်လိုချင်မိတာ ကျွန်တော့် အတ္တဆိုရင်လည်း ကျွန်တော်ဝန်ခံပါတယ် ။တခါတခါ သူ့ကို ကျွန်တော်ဆိုးချင်ဆိုးမယ် ။ စိတ်ကောက်ချင်ကောက်မယ် ကျွန်တော့်ကို ဂရုတစိုက် နဲ့ နေမှကောင်း ရဲ့လားလို့ မေး ၊ ကျွန်တော်ဆိုးသမျှကို နားလည်ခွင့်လွှတ်တဲ့အပြုံးနဲ့ အမြဲ ကျွန်တော့်ဖက်က ရှိနေ မယ့် အစ်မတစ်ယောက် လိုချင်မိတယ် ။ ဒီလိုနဲ့ . . . . အဲဒီလိုနဲ့

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က ကျွန်တော် အစ်မတစ်ယောက် ရခဲ့တယ် ။ အဖြူရောင် နတ်သမီးတဲ့ ။ သူက အ ရမ်းနွေးထွေးတယ် ။ လူကြီးလို အမြဲတည်တည် တန့်တန့်နေနေရတဲ့ ကျွန်တော်ဟာ အစ်မနဲ့စကားပြောမိရင် လူငယ် လို ကလေးတစ်ယောက်လို ဖြစ်ဖြစ်သွားတတ်တယ် ။ အစ်မဟာကျွန်တော်နဲ့တွေ့တိုင်း အမြဲ ပဲ လူကြီးလို ဘယ်တော့မှ မဆက်ဆံခဲ့ဘူး ။ သူ့မျက်စိထဲမှာ ကျွန်တော်ဟာ သူ့မောင်ငယ်လေးအရင်းလို အမြဲ နွေးထွေး စွာ နေခဲ့ရတယ် ။ ကျွန်တော် ဆိုးသမျှ ကိုသည်းခံလို့ နားလည်ခွင့်လွှတ်ပေးရှာတယ် ။ ကျွန်တော်ဟာ သူ့အ တွက် မောင် ငယ်တစ်ယောက်ဖြစ်လာတာနဲ့အမျှ ကျွန်တော်တို့ဟာ တကယ်ပဲ မောင်နှမ အရင်းတွေနဲ့မခြား ရိုင်းပင်း ကူညီလာခဲ့ကြတယ် ။ ကျွန်တော် ရေးတာနည်းနည်းများရှည်သွားပြီလားမသိပါဘူး ။ အစ်မအတွက် ကျွန်တော်စကားလက်ဆောင်လေးတွေ ပေးလိုက်ချင်ပါသေးတယ် ။

အစ်မရေ . . .ပျော်ရွှင်စရာမွေးနေ့လေးမှာ နတ်သမီးတစ်ပါးလို အဖြူရောင်ကောင်းကင်အောက် ငြိမ်းချမ်းမှုတွေ နဲ့ လွတ်လပ်မှုတွေနဲ့ ပျံသန်းနိုင်ပါစေ ။

အစ်မရေ . . .

- လောကကြီးမှာ လူအမျိုးမျိုးစိတ်အထွေထွေ ရှိကြတဲ့အထဲ က ဘယ်သူတွေက ကိုယ့်အတွက် မိတ်ဆွေစစ် ၊ ဘယ် သူတွေက မိတ်ဆွေတုဆိုတာ တကယ်အရေးကြုံလာတဲ့အခါသိလာရပါလိမ့်မယ် ။ အဲဒီအခါ မိတ်ဆွေ အတုအစစ်ကို ခွဲခြားသိမြင်နိုင်ပါစေ ။

- ဘ၀ဆိုတာ ဘယ်လောက်ပဲရှည်တယ်ပြောပြော တကယ်တော့ မျက်စိတမှိတ်လျှက်တပြတ် အတွင်းမှာ ကျွန်တော် တို့ အသက်တွေကြီးလာရပြီ ။ အဆိုးအကောင်း အနိုင်အရှုံး အနိမ့်အမြင့် လောကဓံတရားတွေ ကြုံခဲ့ပြီးပြီမို့ အေးချမ်းမှုသာလျှင် တကယ့်ဘ၀ရဲ့အနှစ်သာရဖြစ်တယ် ။

- တချို့သောအရာတွေကို ကျွန်တော်တို့ အနိုင်ယူခဲ့ကြတယ် ။ တချို့သော အရာတွေကို ကျွန်တော်တို့ အရှုံးပေးခဲ့ကြရတယ် ။ တကယ်ပဲ ကျွန်တော်တို့ နိုင်ခဲ့ကြသလား တကယ်ပဲ ရှုံးခဲ့ကြသလား တကယ်တော့လည်း အရာတော်တော်များများ ထင်သလောက်ကြီး မကြီးကျယ်ခဲ့သလို ထင်သလောက်လည်း မနိမ့်ကျခဲ့ကြပါဘူး ။

- ကျွန်တော်တို့အားလုံးဟာ အပေါ်ယံ ကိုပဲ သိပ်အသားပေး လွန်းနေတတ်ကြတယ် ။ တကယ့်အတွင်း သဏ္ဍာန် မှာ လည်း နူးညံ့သိမ်မွေ့မှု ၊ ငြိမ်းချမ်းမှု ၊ မေတ္တာတရား သည်းခံခွင့်လွှတ်ခြင်းစတဲ့အရာတွေ ကိန်းအောင်းနေ ဖို့လို တယ် ။ ဖြတ်သန်းခဲ့သမျှ အရာအားလုံးဟာ သူ့ဘာသာသူ အစီအစဉ်တကျ နဲ့ ဖြစ်ပျက်ခဲ့ တာတွေ ချည်းသာ ဖြစ်တယ် ။

- လှိုင်းဘယ်လောက်ကြီးကြီး ကျော်ဖြတ်နိုင်ရမယ် ။ ပင်လယ်ဘယ်လောက်ကျယ်ကျယ် ပျံဝဲနိုင်ရမယ် ။ တောင် ဘယ်လောက်မြင့်မြင့် လှမ်းတက်နိုင်ရမယ် ။ လူ့အရည်အသွေးဆိုတာဟာ ကြိုးစားအားထုတ်မှု နဲ့ လုံ့လ၀ိရိ ယ ပေါင်း စပ်ထားတာသာဖြစ်တယ် ။

ဒါကတော့မွေးနေ့ကဗျာလေးပါ ။ (ဓါတ်ပုံများအား ဖေ့ဘုတ်မှ ယူပါသည် ။ )



အဖြူရောင် အလင်းပွင့်ရစ်သမ်များ

အေးစိမ့်မှိုင်းပြာသော
“ နှင်း ” ရဲ့ နေခြည်ဟာ
မြေကမ္ဘာကို ဖြန့်ကျဲသွန်းပက်ထားသလိုမျိုး
အရာရာဟာ . . . ငြိမ်သက်အေးချမ်းနေခဲ့

ဘယ်လိုရစ်သမ်မျိုးနဲ့ဖွဲ့စည်းထားခဲ့သလဲ ?
ကောင်းကင်ဟာ ရနံ့ပါးပါးကို သယ်ပိုးလို့
ခရမ်းပြာဂီတဟာ . . ခပ်တိုးတိုး
သူတို့. . . .ဟာ တစုံတရာကို စောင့်မျှော်နေကြဆဲ

ဖျက်ကနဲပဲ . . .နာရီလက်တံဟာ
ကိန်းဂဏန်းလှလှပေါ် ညွှန်ပြလို့
အဖြူရောင် . . အ ဖြူေ ရာ င် အ လ င်း ပွ င့်ေ တွ . . .
ဝင်းကနဲ့ . . . လက်ကနဲ
ကြယ်တွေ တဖျတ် ဖျတ် . . . .
စကြာဝဌာရဲ့ ဟိုးအစွန်းဆုံးထိ
ပျံသန်းနေကြဆဲ . . . .

ဟော . . သင်တို့ကြားရဲ့လား
အလင်းတို့ရဲ့ ဂီတ
သူမဟာ . . ဒဏ္ဍာရီ ကကြိုးကိုဆင်မြန်းလို့
ကောင်းကင်တံခါးကိုဖွင့်
မြေကမ္ဘာကို ဆီးမိုးကြည့်တယ်

နူးညံ့တဲ့မေတ္တာတရားတွေဟာ
အရာရာအပေါ် ဖိတ်ယိုစီးကျလို့
ဆံနွယ်ခက်တို့သည်လည်း
လေပြည်တို့တေးသွားနဲ့အတူ
ယိမ်းဖွာ လွင့်ပျံနေကြဆဲ . . .
ရင့်ကျက်သော တေးသံဟာ
ဆောင်းဦးပေါက်ရဲ့ နံနက်ခင်းရာသီနဲ့အတူ
လေလှိုင်းတွေကြား ပျံ့ဝေသင်းထုံဆဲ

အို . . .နတ်သမီး
လှိုင်းတွေဟာ ကြမ်းသထက် “ ကြမ်း ”
ဘ၀တွေဟာ မှန်းသထက် “ ပမ်း ”
စစ်ပွဲလည်းဆန်သတဲ့
စေတနာတရားကို ပန်းတို့အသွင်သီကုံး
သူမအပြုံးတွေနဲ့
အမှောင်တွေကို “ လင်း ” စေမတဲ့

အတိတ်ရနံ့တွေကို
“ မျှော်လင့်ချက် ” တွေနဲ့ကျော်ဖြတ်ခဲ့
လှိုင်းလည်း ဆန်ခဲ့
မုန်တိုင်းလည်းထန်ခဲ့
ဒီလိုနဲ့ . . . ဒီလိုနဲ့
ဘာတွေကို ပိုင်ဆိုင်လို့
ဘာတွေကို ဆုံးရှုံးခဲ့သလဲ
ဘ၀ဇတ်ဆရာရဲ့ စုတ်ချက်ကြမ်းကြမ်းထဲ
ဆယ်စုနှစ် တစ်ခုစာမက ကျော်ဖြတ်ခဲ့

အို . . .နတ်သမီး
ဟိုးအဝေးက . . .ခပ်သဲ့သဲ့.. . .ပွဲတော်သံတွေ
လမင်းဟာ မြုပ်တခါ ပေါ်တလှည့်
တံလျှပ်ကိုလည်း ရေမထင်မိစေနဲ့
ဘ၀က ခါးတယ်ဆိုတာ
တရားဓမ္မကသာ ဖော်ဆောင်နိုင်တယ်

အလွယ်လည်းမယုံမိစေနဲ့
အပယ်လည်း မထုံမိစေနဲ့
ကြုံဆုံသမျှ လောကဓံဟာ
ဘ၀ရဲ့ မှတ်ကျောက်တွေသာ ဖြစ်တယ်
ခေါင်းလောင်းထိုးသံ တိုးတိတ်ပျံ့လွင့်နေဆဲ
အမှန်တရားရဲ့ ဓမ္မတေးသံမှာ
နတ်သမီး တစ်ပါး
ငြိမ်သက်ချမ်းမြေ့လို့
အဖြူရောင် သလင်းပွင့်တွေအကြား
အဖြူရောင် အလင်းပွင့်တွေအကြား
နောင်မြေကမ္ဘာရဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ေ နာ င်ေ မြ က မ္ဘာ ရဲ့  နှ စ်ေ ပါ င်း များ စွာ တို င်ေ အာ င်

သက်တန့်ချို
၁၉/၁၁/၂၀၁၁

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. နန်းသက်November 19, 2011 at 6:11 PM

    နတ်သမီးမွေးနေ့ အတွက် ခံစားပြီးရေးထားတဲ့ကဗျာကောင်းလေးဖတ်သွားပါတယ်။

    ReplyDelete
  2. အဲဒါ နတ်သမီးဓာတ်ပုံလား ! ဟို လိုလိမ်း ကြော်ငြာက အမလို့ ပြောထားတာလား !
    လှတယ်နော်. အဟား.......... အောက်က ပုံက လန်းတယ် ။ so cute....!

    ReplyDelete
  3. ဟုတ်ပါတယ်..
    သက်တန့်နဲ့ကျမ ဆိုတာ ပြောမနာ ဆိုမနာ တကယ့်ကို မောင်နှမအရင်းအခြာလို ချစ်ကြတဲ့ သူငယ်ချင်းတွေပါပဲ..။

    ကျမက ချူခြာတယ်၊ သက်တန့်က ဆရာဝန်ဆိုတော့ ကျမ ဘာဖြစ်ဖြစ် သူ့ကိုအမြဲတန်းပြောပြလေ့ရှိတယ်..၊ပြီးတော့ သူညွှန်ကြားတဲ့ဆေးကို ဆိုက်ပရပ်စ်က ဆေးဆိုင်မှာမေးဝယ်ပြီး သောက်လေ့ရှိပါတယ်။ သူက ကျမရဲ့ Personal Doctor ပေါ့..။ အဲဒါက အခုချိန်က စ လို့..၊ ကျမ အိမ်ထောင်ကျတဲ့အချိန်ထိတင်မကဘူး ကျမ သားသမီးတွေရတဲ့အထိ သူက ကျမရဲ့မိသားစု ဆရာဝန်အဖြစ်ရပ်တည်ပေးရအုံးမှာပါ။

    ကျမမှာ မိဘမရှိဘူး၊ မောင်နှမ မရှိဘူး၊ အဲဒီအတွက် မေတ္တာငတ်တယ်။ ကျမမှာ ပြဿနာတခုခုနဲ့ကြုံရတိုင်း..၊ အားငယ်နေတဲ့အချိန်တိုင်း.. သက်တန့်က ကျမရဲ့ရှေ့ကနေ အမြဲရပ်တည်ပေးနေကျ..။
    နောက်တခုက ကျမရဲ့ကိုယ်ရေးကိုယ်တာ၊ အချစ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး .. အဲဒါတွေကို သက်တန့်က အစ အဆုံးသိထားတဲ့သူပါပဲ..။

    နောက်တခုက သက်တန့်နဲ့ကျမ စိတ်တူတာတွေ များတယ်။ အထူးသဖြင့် ကဗျာရေးတာ၊ စာရေးတာမျိုးတွေပေါ့။
    အဲဒီလိုနဲ့ပဲ ကျမရေးသမျှ သူအားပေးသလို၊ သူရေးသမျှစာတွေ ကဗျာတွေကို ကျမ မလွတ်တန်းဖတ်ခဲ့တယ်။

    သက်တန့်နဲ့ ရင်းနှီးမှုအပိုင်းကို ဆက်ပြောမယ်ဆိုရင်တော့ ပြီးမှာမဟုတ်ပါဘူး..၊ အဲဒီအတွက် ဒီမှာပဲ အဆုံးသတ်ရင်း ကျမရဲ့မွေးနေ့အတွက် အမှတ်တရ ကဗျာလေးအတွက်ရယ်၊ ဆုံးမ စာလေးအတွက်ရယ်...(ပြောတော့ ကျမက အကြီးတဲ့..ဆုံးမသွားတာက သူ..)၊ အချိန်ပေး အလေးအနက်ထားပြီးရေးပေးခဲ့တဲ့ ကျမရဲ့မောင်လေးသက်တန့်ကို ကျေးဇူးအများကြီးတင်ပါတယ်နော်။

    ReplyDelete
  4. မွေးနေ့ကဗျာလေး ရေးပေးတာ အရမ်းကောင်းတာပါပဲ ။ အားကျလိုက်တာ နော် ဒီလိုမောင်လေးတစ်ယောက်လောက် လိုချင်လိုက်ပါဘိး)

    ခင်မင်စွာဖြင့်

    အလင်း
    (မော်လမြိုင်)

    ReplyDelete
  5. နတ်သမီးလေး မွေးနေ့မှသည် သက်ကျော်ရာကျော် ရှည်ပါစေရှင့်း)

    ReplyDelete