Friday, November 11, 2011

ညီမလေးဖတ်ဖို့ ( အပိုင်း ၈)

ညီမလေးဖတ်ဖို့ ( အပိုင်း ၈)




သို့

ညီမလေးရေ . . . နိုဝင်ဘာလရဲ့ အေးစက်မှုဟာလည်း တစ်ရက်ထက်တစ်ရက် တိုးတိုးပြီး လောကကြီးထဲ မသိမ သာလေး ၀င်ရောက်လာခဲ့တယ် ။ ရာသီအကူးအပြောင်းမို့ လူတွေဟာ နေလို့ထိုင်လို့ သိပ်မကောင်းကြဘူး ။ ဖျားနာ မှုတွေနဲ့ တို့ကမ္ဘာကြီးဟာလည်း တကယ်တော့ “ အိုမင်း” နေပါပြီ ။ ကမ္ဘာတ၀ှမ်းမှာ ဘေးဒုက္ခတွေ ဆိုက်ရောက်ကြ ။ ဟိုနေရာမှာ ရေတွေလွှမ်း ဒီနေရာမှာ တောင်တွေပြို ပင်လယ်ဒီရေတွေမြင့်တက်လာခဲ့ကြ ။ ဘာကြောင့်များ တို့ကမ္ဘာကြီးက ဒီလို ၀ဋ်ဆင်းရဲတွေ ခံနေကြရပါလိမ့် ။ သေသေချာချာ စဉ်းစားကြည့်ရင်တော့ တို့ကမ္ဘာကြီးကို ဖျက်ဆီးတာ တို့လူသားတွေပဲပေါ့ ညီမလေးရယ် ။ ညီမလေးစဉ်းစားကြည့်ပါ ။ လူတွေဟာ ကိုယ့် အတ္တ ကိုယ့်ကိုယ်ကျိုးအတွက် ဆို ကမ္ဘာမြေကိုတောင် စတေးဖို့ ၀န်မလေးကြတဲ့ ကြောက်မက်ဖွယ် လူသားတွေ ဖြစ်လာကြပြီ ။ ကမ္ဘာကြီးရဲ့ အပူရှိန်ဟာလည်း တဖြေးဖြေးမြင့်သထက်မြင့်တက်လာခဲ့တယ် ။

ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေက စက်ရုံကြီးတွေ ဆောက် ၊ ပြီးရင် ကာဗွန်ဒိုင်အောက်ဆိုက်လို့ခေါ်တဲ့ ဓါတ်ငွေ့ တွေကို ထုတ်လွှတ်ကြတယ် ။ တို့ကမ္ဘာကြီးရဲ့ လေထုနဲ့ ရေထုကို ညစ်ညမ်းခြင်းတွေဖြစ်စေကြတယ် ။ Chemical တွေနဲ့ အဆိပ်အတောက်တွေကို ပင်လယ်တွေ မြစ်တွေထဲ စွန့်ပစ်ကြလို့ ငါးတွေရေသတ္တ၀ါတွေ အစုလိုက်အပြုံလိုက်သေကြတယ်ဆိုတဲ့ သတင်းတွေ နေရာအနှံ့ကြားနေရတယ် ။ နိုင့်ထက်စီးနင်း အနိုင်ကျင့် မှုတွေနဲ့ မေတ္တာတရားခေါင်းပါးလာကြတဲ့ လူသားတွေရဲ့ လူ့ဘ၀ ဆိုတာကြီးက တကယ်ပဲနေပျော် ဖို့မှကောင်းရဲ့လားလို့ အကိုတော့တခါတခါတွေးမိတယ် ။ ညီမလေးရေ . . အင်တာနက်စာမျက်နှာတစ်ခုမှာ တလော က သတင်းလေးတစ်ခုဖတ်လိုက်ရတယ် ။ ကလေးလေးတစ်ယောက်ကို ကားတိုက်သွား တာ ကို ဘေး နား ကနေ စာနာမှုကင်းမဲ့တဲ့ နှလုံးသားနဲ့ အပြုံးမပျက် ဖြတ်သွားကြတယ်ဆိုတဲ့ လူမဆန်မှုတွေ အကြောင်း ။ ဘယ်လို နှလုံးသားတွေနဲ့များ သူတို့ နေစိမ့်ခဲ့ကြတာပါလိမ့် ။ တို့တတွေဟာ ကမ္ဘာကြီးအပေါ် အတူတူ ခိုလှုံနေကြတဲ့ လူသားတွေ ပီပီ အဒီလောက်ကြီးအထိတော့ မေတ္တာတရား မခေါင်းပါးသင့်ကြဘူးလို့ အကိုတော့ မြင်မိတာပါပဲ ။ အခုနောက်ပိုင်းလူတွေဟာ ပိုပိုပြီး သူစိမ်းဆန်လာကြတယ်ညီမလေး ။ နေရာ တကာ ခေါင်းပုံဖြတ်မှုတွေနဲ့ လူသားအချင်းချင်း နွေးထွေးကြင်နာတဲ့ အပြုအမူလေးတွေဆိုတာ တကယ့်ကို ရှားပါး တဲ့အရာတစ်ခုဖြစ်လာကြပြီ ။

ညီမလေးရေ . . . စည်းကမ်းသည်လူ့တန်ဖိုး ဆိုတဲ့ စကားကိုလူတွေဟာ တွင်တွင်ကျယ်ကျယ်သုံးကြတယ် ။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဖို့ကြတော့ အတော့်ကို ခက်ခဲနေကြတယ် ။ ကွမ်းမထွေးရဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ တို့မြန်မာတွေ ထွေးထားတဲ့ ကွမ်းတံတွေးတွေ လူပိုမတင်ရလို့ စာတမ်းကြီးတွေ ချိတ်ထား တဲ့ အထူးကားကြီးတွေပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် ပြည့်ကြပ်ညပ်အောင်တင်တဲ့ မထူးကားကြီးတွေ တက်စီမီတာတွေတပ်ပြီး မီတာနဲ့မောင်းတဲ့ကားတစ်စီးမှမရှိတဲ့ ရန်ကုန်မြို့ကြီး အိုစုံလို့ပါပဲညီမလေးရေ ။ အရှက်တရားတွေနဲ့ သိမ်မွေ့လွန်းပါတယ်ဆိုတဲ့ တို့မြန်မာတွေအကြောင်း နည်းနည်းတော့ ဖောက် သည်ချ ချင်သေး တယ်ညီမလေးရေ ။ စင်ကာပူက သူငယ်ချင်းတစ်ယောက်ကပြောတယ် စင်ကာပူက MRT တွေထဲ အနမ်းမိုးတွေရွာ အချစ်တွေတိုးနေကြတဲ့စုံတွေကို သူမကြည့်ရဲဘူးတဲ့ ။ ဘာလို့လည်းဆိုတော့ အများစုက မြန်မာတွေဖြစ်နေကြလို့တဲ့ ။ နောက်ပြီး မြန်မာတွေ အများစု တွေ့ဆုံကြတဲ့ အများစုရှိကြတဲ့ ပင်နီဆူးလား ပလာဇာဆိုလား အဲဒီကို မြန်မာတွေမသွားချင်ကြတော့ဘူးတဲ့ ။ ဘာလို့လည်းဆိုတော့ အဲဒီကိုသွား ရင်မြန်မာတွေ မှန်း သိသွားကြမှာစိုးလို့တဲ့ ။ မြန်မာစစ်စစ်ကြီးတွေက စင်ကာပူကျွန်းလေးပေါ်မှာ မြန်မာ စကား မပြောကြဘူးတဲ့ တတ်နိုင်သမျှ အင်္ဂလိပ်ပဲပြောကြတယ်တဲ့ ။ မြန်မာမှန်းသိရင်အထင်သေးကြမှာစိုးလို့တဲ့ ။ တချို့ က စကားပြောရင်းနဲ့ ညှပ်ညှပ်ပြီးပြောကြသေးတယ် “ ဘာတဲ့ကွာ မြန်မာလို ဘယ်လိုခေါ်မလဲ ငါမေ့နေလို့ ” တဲ့ ။

ညီမလေးရေ ဖြစ်သင့်ရဲ့လားဟင် ။ တို့တတွေဟာ မြန်မာတွေစစ်စစ်ပါ ။ ကောင်းလည်း တို့ဟာ မြန်မာပဲ ဆိုးလည်း တို့ဟာ မြန်မာတွေပဲလေကွယ် ။ တိုင်းတပါးမှာ မြန်မာအချင်းချင်း တွေ့ရင်ရှောင်ကြတယ်တဲ့ ။ ဘာလို့လည်းဆို အကူအညီတောင်းကြမှာစိုးလို့တဲ့ ။ ခါးသီးလိုက်တာညီမလေးရယ် ။ ဘာပြန်ပြော ရမှန်းမသိအောင်ကို အဲဒီစင်ကာပူက သူငယ်ချင်းမျက်နှာကို စိုက်ကြည့်နေရင်း အကို တိတ်ဆိတ်ဆွံ့အခဲ့ရတယ် ။ သူ များနိုင် ငံမှာ စကပ်တိုလေးတွေ ဘောင်းဘီတိုလေးတွေဝတ်တာကို လိုက်ပြီး အပစ်ပြောနေ ရလောက် အောင်တော့ အ ကို အမြင်မကျဉ်းပါဘူး ။ ဒါပေမယ့် မြန်မာ ဖြစ်ပြီး မြန်မာလို့ပြောရမှာ မြန်မာ စကားပြော ရမှာ မြန်မာတွေစုဝေးတဲ့နေရာမသွားချင်တာ နောက်ဆုံး မြန်မာမဖြစ်ချင်တာ အဲဒါတွေ အတွက်တော့ အကို ၀မ်းနည်းပါတယ် စိတ်မကောင်းလည်းဖြစ်မိပါတယ် ။ တို့တတွေဟာ ခေတ်မှီပါတယ်ဆိုတဲ့ ကမ္ဘာ့ အနောက်တိုင်းနိုင်ငံကြီးသားတွေနဲ့ယှဉ်ရင် အရာရာမှာ သိမ်နေနေရသေးတယ်ဆိုတာ အကိုလက် ခံပါတယ် ။ ဒါပေမယ့် မြန်မာဖြစ်ရတာ ရှက်စရာမဟုတ်ဘူး ညီမလေးရေ ။ စင်ကာပူ လိုနိုင်ငံ မပြောပါနဲ့ဦး တို့မြန်မာပြည်က အထူးကားကြီးစီးတဲ့တစ်နေ့မှာပေါ့ ။ အလိုလေးစုံတွဲတစ်တွဲဟာ ကားပေါ်မှာ လူမရှိဘူးများ မှတ်နေကြသလားမသိပါဘူးကွယ် ။ အနမ်းမိုးတွေရွာ နှုတ်ခမ်းချင်း ထိတွေ့လို့ ဘေးက ကြည့်နေ ကြတဲ့သူတွေ ကတောင် မျက်နှာပြန်လွှဲနေရတဲ့အထိ တို့မြန်မာပြည်ကြီး အဲဒီလိုကြီး တိုးတက် လာကြတာ လားဟင် ။ ကိုယ့်ဟာကိုယ်နမ်းတာဘာဖြစ်လဲကွာလို့ပြောစရာတော့ရှိပါတယ် ။ ဘာမှတော့ မဖြစ် ဘူးပေါ့ နေရာဒေ သ ကာလ ဆိုတာလည်းရှိသေးတယ်မဟုတ်လား ။ သူတို့နမ်းနေကြတယ် ဘေးမှာ ကဆူးလေ စေတီတော်ကြီး အမြင်မ တင့်တယ်တာကို ပြောချင်တာပါကွယ် ။

အခုလေး သတင်းလေးတစ်ခု ထပ်ကြားရတယ် ။ ထိုင်းနိုင်ငံမှာ ရေကြီးလို့ မြန်မာဖက်ပြန်ကူးလာတဲ့ ဒုက္ခသည်တွေ ကို ပွဲစားတွေက လုပ်စားနေကြတယ်တဲ့ ။ အို . . ယုံတောင်မယုံကြည်နိုင်ဘူး ။ ဒုက္ခဖြစ်လို့ ကိုယ့်နိုင် ငံကို ပြန်ခိုလှုံလာတဲ့ သူကို အဝေးရောက်သားသမီး ပြန်လာရင် ပြန်ကြိုဆိုတဲ့ မိခင်တစ်ယောက်လို ပြန်ပြီးနွေးထွေးရမယ်မဟုတ်လားကွယ် ။

ဒါတွေဟာ ဘယ်သူ့မှာတာဝန်ရှိတာလဲ ညီမလေးရယ် ။ ဂျာနယ်တွေထဲမှာတွေ့တွေ့နေရတယ် မိခင်အိုကြီးတွေကို လာရောက် စွန့်ပစ်ထားခဲ့ကြသူတွေ ။ အမှိုက်ပုံတွေထဲ ဖျာနဲ့လိပ် အိပ်ရာနာကြီးတွေနဲ့ ယင်တွေကိုက် ကြွက်တွေ ကိုက် အိုး ဒါဏ်ရာတွေ ပရပွနဲ့ နေ၀င်အိပ်တန်းတက်ချိန် မီးစာ ကုန်ခမ်းချိန်ဟာ မအေးချမ်းကြပါလားကွယ် ။ အဲဒီလို စွန့်ပစ်ခံရတဲ့ အဘွားတစ်ယောက်ရဲ့ညီမကို အဆက်အသွယ် ရလို့ ဖုန်းဆက်ကြတော့ ဘာမှ မပတ်သတ်တော့လို့ တာဝန်မယူနိုင်ပါဘူး တဲ့ကွယ် ။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ပြုစုရတဲ့ဒုက္ခ မစင်တွေ ပေ ဆီးတွေ စိုရွှဲ့ အနံ့အသက်တွေကြား ဒီလို အရာတွေကို အကိုနားလည်ပါတယ်ကွယ် ။ ဒါပေမယ့် အကိုတို့ လည်းတချိန် အဲဒီဘ၀ကို ပြန်သန်းကြရဦးမယ်မဟုတ်လားကွယ် ညီမလေးရေ ။ ဒီတော့ တတ်နိုင်သမျှ ဘိုးဘွားတွေကို ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန်က တို့တွေမှာ ရှိကြတယ်ညီမလေး ။ စွန့်ပစ်တဲ့အထိ လူမသိသူမသိ လာရောက်ပစ်ချထားတဲ့အထိတော့ မဖြစ်သင့်ဘူးကွယ် ။ သူတို့ဖက်ကကြည့်ရင်ရော လူဟာ အသက်ငယ်ရာကနေ မကြီးချင်ပါဘူး အဘိုးကြီးတွေ အဘွားကြီးတွေမဖြစ်ချင်ပါဘူး ဆိုပြီးရွေးချယ် ခွင့်ရှိလို့လားညီမလေးရေ ။ ရွေးချယ်ခွင့်မရှိပါဘူး သနားညှာတာစိတ် ကိုယ်ချင်းစာစိတ်တွေနဲ့သာ တို့တွေ ဘ၀ကို ဖြတ်သန်းကြရမယ်ညီမလေးရေ ။

ညီမလေးရေ ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဘယ်သူတွေ မိုးခါးရေသောက်သောက် ကိုယ်မသောက်မိစေနဲ့ ။ ပြင်ပပုံသဏ္ဍာန်တွေကိုကြည့်ယုံနဲ့ လူတွေရဲ့အတွင်းစိတ်ကိုမမြင်နိုင်ကြဘူး ။ ထဘီလေး ၀တ် အကျီင်္ရင်ဖုံးလေးနဲ့ မိန်းကလေးစိတ်ထဲမှာ ညစ်ညမ်းနေတဲ့စကားလုံးတွေ ယုတ်မာကောက် ကျစ်တဲ့စိတ် ထားတွေရှိနိုင်သလို စကပ်တိုလေး ၀တ် ခေတ်ဆန် ဆန် နေတတ်တဲ့မိန်း ကလေး တစ်ယောက် မှာလည်း ဂါရ၀တရားနဲ့ မေတ္တာနွေးနွေးတွေ ရှိနေနိုင်ပါတယ် ။ နောက်ဆုံးပြောချင်တာကတော့ မြန်မာ တရုတ် ကုလား မွတ်စလင် စစ်သား ဆရာဝန် အင်ဂျင်နီယာ ၀န်ကြီး သမ္မတ ချမ်းသာ ဆင်းရဲ ယောင်္ကျား မိန်းမ ကလေး လူကြီး လူငယ် အားလုံး ကို စိတ်ထဲ ကဖျောက် ကြည့်လိုက် လောကမှာ ကောင်းတာလုပ်တဲ့ သူနဲ့မကောင်း တာလုပ်တဲ့သူနဲ့ဆိုပြီး လူနှစ်မျိုးပဲရှိပါတယ် ။ ကောင်း တာတွေလုပ်ရင်လူကောင်းဖြစ်မယ် မကောင်းတာတွေလုပ် လူဆိုးဖြစ်မယ် ။ ညီ မလေးရော လော ကကြီးမှာ လူကောင်းလုပ်ချင်လား လူဆိုးလု ပ်ချင်သလား ကွယ် ။

သက်တန့်ချို
(၁၁/၁၁/၁၁)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. i like this post so much. have a nice day ko tat tent cho. *11.11.11*

    ReplyDelete
  2. နေရာတကာ နေရာတကာ နေရာတကာမှာ စိတ်ညစ်စရာ... ဟီးဟီး... MRT မှာ တို့တော့ အသံကျယ်ကျယ်နဲ့ အတင်းပြောတာပဲ ဟိဟိ :D

    ReplyDelete
  3. ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မျက်စိပိတ်နေရတာပဲဗျ။ အခုဟာက လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ဆိုင်နေပါပြီ။ စလုံးကိုလာရင်လွတ်လပ်တယ်လို့ ထင်သူတွေကများပြီး အရှက်မရှိတော့ဘူး။ အားလုံးတော့မဟုတ်ပါဘူး။ မြင်တဲ့သူကပြောတာမှန်ပေ မယ့် အကုန်တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆို လူမျိုးခြားနဲ့တွဲတဲ့မြန်မာမလေးတွေရှိနေတာမြင်ရကြားရရှိ နေတာပဲ။ ကျွန်တော်ပို့စ်တွေရေးခဲ့ဖူးပါတယ်။ ကြုံရင်လာဖတ်ကြည့်ပါဦးခင်ဗျား။ City Hall မှာသူတို့ဘာသာမလာတာတော့မသိဘူးပေါ့ဗျာ။ဒါပေမဲ့ ပိတ်ရက်တွေဆိုထမင်းဆိုင်မှာနေရာမရှိလို့စောင့်ခဲ့ ရလောက်အောင်လူတွေကအများကြီးရှိနေပါသေးတယ်။
    လူအမျိုးမျိုးစိတ်အထွေထွေပေါ့ဗျာ။ကျွန်တော်လည်းကိုသက်တန့်ချိုလိုဆန္ဒရှိသူပါ။ဒါပေမဲ့ကျွန်တော်တို့ကိုယ့် တိုင်းပြည်မှာလူအများစုမရပ်တည်နိုင်သေးခင်တော့ဒီလိုကိစ္စတွေရှိနေဦးမယ်ထင်ပါတယ်။ကျွန်တော်လည်း စိတ်ပျက်နေတာကြာပါပြီ။

    ReplyDelete
  4. မြန်မာဖြစ်တာကိုတော့ ဘယ်တုန်းကမှ မရှက်ခဲ့ဖူးဘူး။ အဲ့ဒီလိုရှက်တာမှ ရှက်စရာကောင်းတာ။

    ReplyDelete