Friday, August 28, 2009

မှားယွင်းမိတဲ့နက္ခတ်တစ်စုံ

မှားယွင်းမိတဲ့နက္ခတ်တစ်စုံ

ပူလောင်ပြင်းပြသော အတွေ့အထိတစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားချိန်မှာတော့ သူနေပူကြီးထဲမှာ ရပ်နေသည်မှာ ကြာပြီဖြစ်မှန်း သတိထားမိလိုက်၏။ ရေကအလွန်ဆာလာပြီး အာခေါင်တစ်ခုလုံး ခြောက်သွေ့နေသလို ခံစားနေရ၏ ။ အခုချိန်သူအတောင့်တဆုံး အရာက အေးမြမြရေကြည်တစ်ပေါက်ပင် ။ မြင်မြင်သမျှကလည်း ခြောက်သယောင်းနေပြီး အရိပ်ဟူ၍ ဘယ်မှာမှရှာမတွေ့ ။ ရုတ်တရက် သူ့ဦးခေါင်းပေါ်မှ ငှက်တစ်ကောင်ဖြတ်ပျံသွားတာသူ တွေ့လိုက်၏ ။ ဦးတည်ချက် မယ်မယ်ရရမရှိပဲ ထိုငှက်နောက်သို့သူ လိုက်သွားမိ၏ ။ သူ့နားထဲမှာ အတော်အတန်သွားမိတော့မှ စမ်းရေကျသံလိုလို သဲ့သဲ့လေးကြားလာရ၏ ။ ၀မ်းသာစိတ်က ဘာနှင့်မှ နှိုင်းမပြနိုင်အောင်ပင် ။ သူ့ခြေလှမ်းတွေက အလိုလို မြန်လာပြီး မပြေးရုံတမယ်ပင် ။ ဟော တွေ့ပြီ... မှုန်ပြပြစမ်းချောင်းလေးတစ်ခု ။ သူ ၀မ်းသာအားရ စိတ်နှင့် အပြေးတစ်ပိုင်း လှမ်းမိစဉ် ရုတ်တရက် ခြေထောက်က တစ်စုံတစ်ခုကို တိုက်မိပြီး ခန္ဓာကိုယ် တစ်ခုလုံး ပစ်လဲကျသွားခဲ့၏ ။

အား..ခါးတစ်ခုလုံးနာကျင်သွားတော့မှ သူ ကုတင်ပေါ်ကပြုတ်ကျပြီး အိမ်မက်မက်နေမှန်း သိလိုက်၏ အော်အိမ်မက်ကလည်း ဘာတွေမက်မှန်းမသိ ။ ဘေးမှ နာရီလေးကိုကြည့်မိတော့ ၇ နာရီခွဲပြီ ။ မကြာခင် ဟိုကောင်တွေ သူ့ကိုလာခေါ်တော့မည် ။ သူတစ်ချက်ပြုံးလိုက်၏ ။အော်..ငါ့နှယ် အိမ်မက်ထဲမှာတောင် ရေငတ်တဲ့ဘ၀ ပါလားနော်..ဆိုးပါ့ ။ သူရေမိုးချိုးရန် အမြန်ဆုံး ပြင်ဆင်လိုက်၏ ။
" စိုင်းရေ..စိုင်း ဘာလုပ်နေလဲကွ... မင်းကွာ အဆင်သင့်လုပ်ထားပါဆိုတာ အမြဲပဲစောင့်နေရတယ် "
ဆူဆူ ညံညံအသံတွေကြား လိုက်တော့ဟိုကောင်တွေ ရောက်လာမှန်း သူသိလိုက်၏ ။
" အေးပါကွာ မင်းတို့ကလည်း ခဏလေးပါ ပြီးတော့မယ် "
သူပြောပြောဆိုဆို သူ့ရဲ့လုပ်ငန်းစဉ်ကို အမြန်ဆုံး အဆုံးသတ်လိုက်၏ ။

ဒီနေ့ ကျောင်းမှာ မိတ်ဆုံစားပွဲတစ်ခုရှိ၏ ။ သူတို့အဖွဲ့က အားလုံး ကဗျာရူး စာရူးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်၏ ။ သူတို့ရှိစုမဲ့စု နှဲ့ဖန်တီးထားသော ကဗျာစာအုပ်လေးကို ဒီမိတ်ဆုံစားပွဲလေးမှာ ဖြန့်ဝေဖို့ သူတို့စီစဉ်ထား၏ ။ သူတို့ကျောင်းကိုရောက်တော့ လူတွေတော်တော် များများ စုံနေပြီ ။
" ဟေ့ စိုင်း ငါတို့လုပ်ငန်းစဉ် စရအောင် သွားမယ် "
သူတို့တစ်ဖွဲ့ကြီး ကျောင်းသားတိုင်းကို ကဗျာစာအုပ်များ လိုက်ရောင်းကြ၏ ။သူကဗျာစာအုပ် ကိုရှင်းပြနေစဉ် ရုတ်တရက် သူ့မျက်ဝန်းအစုံက ခြေဖမိုး ဖြူဖြူလေးဆီ ရောက်ရှိသွား၏ ။ သူ အိမ်မက်တွေထဲမှာ မကြာခဏ စိုးမိုးခဲ့ဘူးသော ခြေဖမိုးလေး ။ သူ မော့မကြည့်ပဲနှင့် သဒ္ဒါ၏ ဖြေဖမိုးမှန်းသိလိုက်၏ ။ သူတစ်ချက် မက်တက်ရပ်လိုက်စဉ်လက်ထဲမှ ကဗျာစာအုပ်များက သဒ္ဒါရဲ့ခြေ ထောက်လေးဘေးမှာ ပြန့်ဝဲကျကုန်၏ ။

သူမကိုတွေ့လိုက်တိုင်း ဒီလိုအဖြစ်မျိုးက သိပ်ပြီးတော့မထူးဆန်းတော့ပေ ။ အရင်ဆုံး သူနှလုံးခုန်တွေ မြန်လာမည် ။ ပြီးလျှင်ခြေတွေ လက်တွေတုန်လာပြီး တစ်ခုခု အမှားအယွင်း ဖြစ်တော့မည်ဟု သူ့လိုလိုသိနေ၏ ။ ထိုအဖြစ်ကိုသူ တစ်ခါမှလည်းအောင်မြင် အောင်မတွန်းလှန်နိုင် ။ သူ့သူငယ်ချင်းတွေကတော့ သူ့အဖြစ်ကို ကြည့်ပြီး ခေါင်းခါသွား၏ ။ သဒ္ဒါကတော့ သူ့ကို ရှိသည်ဟုတောင်ထင်ပုံမပေါ် ။ ပြန့်ကျဲနေသောကဗျာစာအုပ် ထဲမှ တစ်အုပ်ပေါ်ကို ဖြတ်လျှောက်သွား ခဲ့၏ ။ သူ့နှလုံးသားတစ်ခု ပေါ်ဖြတ်လျှောက်သွားသည်ဟု သူ ခံစားလိုက်ရ၏။
" ဟေ့ကောင် မင်းကွာ အမြန်ကောက်တာ မဟုတ်ဘူး ဟိုမှာနင်းသွားပြီကွ ... ဟိုဟာကလည်း သူ့ကိုယ်သူ ဘုရင့်သမီးတော်ထင်နေ လားမသိဘူး မော်နေတာပဲ...."
" တော်ပါတော့ ငထူးရာ မပြောပါနဲ့တော့သူနဲ့မဆိုင်ပါဘူးကွာ .. ငါကိုကလက်မခိုင်လို့ ပြုတ်ကျသွားတာပါ " ငထူးကဆက်မပြောတော့ ။ သူ့ကိုကြည့်ပြီး မသက်မသာနှင့်သက်ပြင်းချ၏ ။

" စိုင်းရာမင်းကလည်း ကြိုက်ရင်လဲကြိုက်တယ်လို့ ဖွင့်ပြောလိုက် ပြီးနေတဲ့ဟာကိုကွာ "
" ငါ... ငါ မပြောရဲဘူးကွ သူ့ရှေ့ရောက်ရင်တောင်မနည်း အသက်ရူနေရတာကွ..."
" သေလိုက်ပါတော့ကွာ..တစ်ခါတည်း..ဟင်း "
အကုန်လုံးက သူ့ကို ၀ိုင်းပြောကြကုန်၏ ။ တစ်ကယ်တော့ကျောင်းမှာ စိုင်းဆိုတာ လူချစ်လူခင်အပေါများဆုံး ဖြစ်၏ ။ သူကစိတ်သဘောထားက အလွန်ကောင်းသလို သူငယ်ချင်းတွေကိုလည်း အလွန်
သည်းခံ၏ ။ တစ်ကြောင်းလုံးက သူ့ကိုမသိသူမရှိ ။ သဒ္ဒါကတော့ နာမည်ကြီးတာချင်းတူပေမယ့် သူနဲ့ဆန့်ကျင်ဖက် ။ ယောက်ျားအားလုံးကို သူနှင့်မတန် ဟု တရားဝင် ကြေငြာထားသူပင် ။ တစ်ခါက ကျောင်းသားတစ်ယောက် သူ့ကိုစကားလိုက်ပြော၏ ။ ဟိုကသူ့မျက်နှာကို ကြည့်ပြီး တစ်ခွန်းထဲ ပြောသွား၏ ။
" နင့်ကို ငါ့ဖိနပ်တောင်မတိုက်ခိုင်းဘူး " တဲ့။
ထိုနေ့ကစပြီး ဟိုကောင်လည်း သူ့အနားမကပ်ရဲတော့။ ထိုသို့နာမည်ကြီးသူပင် ။ မတတ်နိုင် သူကလည်းထိုမိန်းကလေးကိုမှ ရင်ခုန်မိသည်ကိုး ။ နောက်ပိုင်းကျတော့ သဒ္ဒါ့ကို တစ်ကျောင်းလုံးက မပေါင်းချင်ကြတော့ ။ ရှောင်ဖယ်ရှောင်ဖယ် ဖြစ် လာကြ၏ ။

ဒီလိုနဲ့တစ်နေ့တော့ ....
" ဟဲ့စိုင်း နင့်ကိုပြောစရာရှိတယ် ခဏလာဦး "
ရုတ်တရက်ပြောလိုက်သံကြောင့် သူ့နားသူပင် မယုံချင် ။ တစ်ခါမှသူ့ကိုအရေးမလုပ်သော သဒ္ဒါက ယခုစကားပြောမည်ဆိုတော့ သူတစ်ကိုယ်လုံး ရုတ်တရက်အေးစက်သွားမိ၏ ။
" ငါဟိုတစ်နေ့က နေမကောင်းလို့ကျောင်းပျက်ထားတယ် နင်ငါ့ကို စာကူးပေးနိုင်မလား "
သူမပုံစံက အကူအညီတောင်းသည်နှင့်မတူ။
" အေးရပါတယ်ဟ ငါကူးပေးမှာပေါ့ "
ပါးစပ်ကသူ့အလိုလို အကူအညီပေးမိပြီးသား ။ သူ့အတွက်ကတော့ ထီဆုကြီးပေါက်သလိုကို ခံစားနေရ၏ ။ ရင်ထဲမှာ ၀မ်းသာစိတ်တွေက တလှပ်လှပ်နှင့် .......။

ဒီလိုပါပဲကောင်မလေးရယ်....
ငါဆိုတဲ့ကောင်က မင်းရဲ့ ........
ရနံ့တစ်ခုကိုတောင် ...........
လိုချင်အားရနဲ့ တောင့်တနေမိခဲ့တာ..

နောက်တစ်နေ့ရောက်တော့ သတင်းက တစ်ကျောင်းလုံးကို လျင်မြန်စွာ ပြန့်နှံ့သွား၏ ။ သဒ္ဒါက စိုင်းကို အရောတ၀င်လုပ်ပြီးစာကူး ခိုင်းလို့တဲ့ ။ပြောလည်းပြောစရာပင် ။ အရင်ကသူ့ကို အဖက်ပင်မလုပ်ခဲ့သော သဒ္ဒါက ယခုဆို သူသွားတတ်သည့်နေရာတိုင်းမှာ တွေ့နေရတတ်ပြီ။ သူ့ကိုမညှာမတာခိုင်းတတ်နေပြီ..။ ဒီကကောင်ကြီးကလည်း ကောင်းကင်တစ်ခု လုံးကိုတောင် ထမ်းထားနိုင်သည့် ပုံစံမျိုးနှင့် အကုန်လုံးကို အကူ အညီပေးခဲ့၏ ။ ဒီလိုနဲ့သူတို့တွေက အများအမြင်မှာ သူငယ်ချင်းမက ရည်းစားမကျ ဖြစ်ခဲ့ရ၏ ။ သူငယ်ချင်းတွေကလည်း သူ့ကိုဖွင့်ပြောဖို့ ၀ိုင်းပြီးတိုက်တွန်းကြ၏ ။

ဒီလိုနဲ့တစ်နေ့တော့သူ အရဲစွန့်ကာ သဒ္ဒါ့ကို ဖွင့်ပြောခဲ့၏ ။ သဒ္ဒါ့ရဲ့မျက်နှာမှာတော့ အေးစက်စက် အရိပ်အငွေ့တွေနှင့် ထူးထူးခြားခြားအံသြသွား သည့်ပုံမပေါ်ပေ ။ သူမကလည်း ဘာမှအရေးမကြီးသည့် ပုံစံနှင့် ခေါင်းညိတ်ကာ သူ့ကို အဖြေပေးခဲ့၏ ။သူ့တစ်ကိုယ်လုံး ထူးထူးခြားခြားပေါ့ပါးသွားသလို ထင်လိုက်၏ ။ ခြေထောက်တို့က မြေကြီးနှင့် မထိချုင်။ မျက်ဝန်းထဲမှာတော့ အရာရာတိုင်းဟာ ပန်းတွေနှင့်အတိ ပြီးနေ၏ ။ သူမကတော့ တစ်ကယ်ကို အေးစက်ကာ တည်ငြိမ်လွန်းလှ၏ ။

ဒီလိုပါပဲကွယ်...
မင်းအတွက်...လိုအပ်မယ်ဆိုရင်...
ကောင်းကင်တစ်စုံတောင်.....
ဖန်ဆင်းပေးချင်ခဲ့သူပါ..............ချစ်သူ...

အချိန်တွေကြာလာတာ နှင့်အမျှ သူ့အပေါ်အနိုင်ယူသည်များက ဘေးမှလူများပင် ၀ိုင်းပြောကြသည့် အထိပင် ။
" စိုင်းရာ ..မင်းကွာ ... ရည်းစားထားတာကွ ... သခင်ရတာမဟုတ်ဘူး ဘာမှအဲဒီလောက်ထိ လုပ်ပေးစရာမလိုဘူး"
ပြောလည်းပြောချင်စရာပင် ။ သူမအတွက်ဆိုသူက ပျာယာခက်နေအောင်လုပ်ဆောင်ပေးခဲ့သူပင် ။ သူငယ်ချင်းတွေရဲ့ စကားသံတွေက သူ့နားထဲကို တိုးမ၀င်နိုင်ခဲ့။ တစ်နေ့တော့ ...သူ့အတွက် မယုံကြည်လောက်သော သတင်းကို သူငယ်ချင်းက ယူဆောင်လာခဲ့၏ ။ သူလုံးဝကို မယုံကြည်နိုင်ခဲ့ ။
" စိုင်း မင်းကိုပြောစရာ ရှိတယ်.. မင်းသဒ္ဒါ့ကို မေ့လိုက်တော့ကွာ .. အခု သူက သက်အောင်ဆိုတဲ့ ကောင်နဲ့တွဲနေပြီကွ ...ဒီကောင်ကရေလျှံတယ်လို့လည်း ပြောတယ် "
သူ့နားသူတောင်မယုံကြည်နိုင်ခဲ့။ သူ ခေါင်းမာစွာ လုံးဝ လက်မခံခဲ့ပေ။ဒါပေမယ့်လည်း.....အဖြစ်အပျက်တစ်ခုက ကျိန်စာတိုက်ထားသော နတ်ဆိုးတစ်ပါးလို သူ့ ထံတည့်တည့်ကြီး ၀င်လာခဲ့၏ ။

အဲဒီနေ့က နေကခြစ်ခြစ်တောက်ပူ သောနေ့တစ်နေ့ ။ သူပျင်းပျင်းနှင့် ကျောင်းကန်တင်းဘေးက ကန်ဘောင်ပေါ်မှာ လမ်းလျှောက်ရန် ထွက်လာခဲ့မိ၏ ။ ရုတ်တရက် တွေ့လိုက်ရသော မြင်ကွင်းက သူ့မျက်စိသူပင် မယုံချင်။ သူအရမ်းချစ်ခဲ့ရသော သဒ္ဒါ အခြားသူတစ်ယောက် ရဲ့ ရင်ခွင်ထဲမှာပြုံးပျော်ကြည်နူးစွာ စကားတွေပြောလို့။ ခြေလှမ်းတွေက အလိုလို သူတို့အတွဲနား ရောက်သွားမိ၏ ။
" သဒ္ဒါ နင်..နင် .."
သူ့စကားသံတို့က၀မ်းနည်းအားငယ် စိတ်တွေနှင့်အတူ ဆို့နင့်စွာ ရှေ့သို့ ဆက်မထွက် လာနိုင်ခဲ့ ။ မျက်ဝန်းမှာ မျက်ရည်တို့က ထိန်းလို့မရလောက်အောင်ပင်ကျဆင်းလာ ခဲ့၏ ။

" နင် ငါ့ ...ငါ့ ..ကို လုပ်ရက်တယ်သဒ္ဒါရယ်... နင်ငါ့ကိုရိုးအီတယ် ဆိုရင်တောင် နင့်ဘေးကနေ.. ငါတိတ်တဆိတ် ထွက်သွားပေးမှာ ပါဟာ "

ဒီထက်ပိုပြီးသူဆက် မပြောနိုင်တော့။အသံတို့ကတိမ်ဝင်ကုန်၏ ။ သဒ္ဒါ၏မျက်နှာမှာတော့ သူအချိန်တိုင်း ကြောက်ရွံ့ခဲ့ရသောအေးစက်စက်အရာ တစ်ခုကို တပ်ဆင်ထား၏ ။

" ဒီမှာစိုင်း နင်အတော်တုံးတဲ့ကောင်ပဲ နင့်ကိုငါ ချစ်ခဲ့သလား မချစ်ခဲ့ဘူးလားဆိုတာ နင်နည်းနည်းလေးမှ မရိပ်မိဘူးလား ..နင့်ကို လူတကာက အရေးပေးတာကို ကြည့်မရလို့ ချိုးချင်လို့ တွဲခဲ့တာဟဲ့... ဒီမှာစိုင်း လူဆိုတာ
ကိုယ့် အခြေ အနေ ကို ကိုယ်သိရတယ်ဟ နင့်လိုကဗျာဆရာယောင်ယောင်ဘာယောင်ယောင်ကို ငါက ကြိုက်မယ်ထင်လား ..ဝေးသေး ..နင်မှတ်ထားစိုင်း ဒီအချိန်ကစပြီး နင်ငါ့ကို ဘယ်တော့မှလာ မပက်သတ်နဲ့တော့"

စကားလုံးတိုင်းစကားလုံးတိုင်းက သူ့နှလုံးသား ထဲသို့ ဓါးထက်ထက်နှင့် ထိုးစိုက်နေသည့်နှယ် ။ သူ ဆွံ့အစွာ သဒ္ဒါ့မျက်နာလေးကို နောက်ဆုံးအကြိမ်အဖြစ် ငေးကြည့်မိ၏ ။ နေရစ်တော့ သဒ္ဒါရယ် ။ ခြေလှမ်းတွေက နောက်သို့ ....တရွေ့ရွေ့ ....တရွေ့ရွေ့.....

ဒီလိုနဲ့ ...
ငါ့နှလုံးသားတွေ ...
အတုံးအရုံး...သေဆုံးကုန်ခဲ့တာပေါ့....
ချစ်သူ....
တို့အတူ..အစကတည်းက..
မှားယွင်းခဲ့ကြတာပါ...
....
ဒီနက္ခတ်တွေက....
စေတန်ရဲ့ ကျိန်စာ ဖြစ်ခဲ့မယ်လို့...

ငါမမြင်ခဲ့မိဘူး....
ကန်းနေခဲ့တဲ့မျက်လုံး...
ငါအလုံးစုံရှုံးခဲ့တာတောင်မှ..
မင်းအရီပ်လေးတစ်ခုတော့...
အိမ်မက်ထဲအထိ...
သယ်ဆောင်ခွင့်ပြုပါကွယ်.... ............ ..................................................................

စာရေးသူ ....သက်တန့်ချို... (၁၁း၂၅ ည ၂၇.၈.၀၉)

7 comments:

  1. နာ ၁၁၁၁၁၁၁၁၁၁၁၁ ကွ..

    တနားပါတယ်နော်...
    ကဗျာနဲ့ ဇတ်လမ်းလေးလိုက်တယ်း)

    ReplyDelete
  2. အပေါ်က ငှက် ဘာတစ် တာလဲ ကျနော် မန့်နေတာကြာပေါ့ ကွန်နက်ရှင်က မကောင်းလို့ မရတာ အခုတော့ နာ ၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂ ကွ ဖြစ်ပီ

    ReplyDelete
  3. ဝက်ဝံလေးAugust 28, 2009 at 1:06 PM

    အော် ကလေး တွေ နေရာလုနေလိုက်ကြတာ ဟိဟိ
    ငါ ၃ ကွ
    သက် နော် နံမည်တွေက တူနေပြန်ပြီ စိုင်း ကြားရင် နင့်ကိုလာဆဲဦးမယ် ဟွန်းးးး
    ဖတ်သွားတယ် သက် ကောင်းတယ် ဒါပေမယ့် ဇာတ်အိမ်နာတယ် ဟာ သိပ်တော့မနိပ်ဘူး ဇာတ်မနာတာလေး ရေးစမ်းပါဟ

    ReplyDelete
  4. ကောင်းတယ် ဇာတ်လေးက ။ အဲလိုကြီးဆို ဟို သဒ္ဒါက ကောင်းတဲ့သူ လို ဖြစ်နေတယ်။ သူ့လိုပဲ မာန ကြီးပြီး နေတာက ကောာင်းသလို လို ။ စိုင်းဘက်က အမှန်။ အနုပညာ အဲဒါကို ပေါ်အောင် နောက်တခါကျ ရေးနော်
    ခင်တဲ့ မေလေး

    ReplyDelete
  5. ဇာတ်လမ်းလေးက ကောင်းတဲ့အထဲ အရေး
    အသားကောင်းလေးကပါ စွက်လိုက်တော့
    ကောင်းပါတယ် ပြောစရာမရှိအောင်
    ကဗျာဥာဏ်ရှိသူများစာရေးရင်
    အင်မတန်ဖတ်ကောင်းလှပါတယ်
    အေးမြသာယာပါစေ
    ရန်ကုန်သား :D

    ReplyDelete
  6. ကျော်ကျော်အောင်August 28, 2009 at 4:07 PM

    အဲ့ဒီလောက်ကြီးရူးသွပ်
    တဲ့ယောက်ကျာင်္းတစ်ယောက်
    ကတော့သိပ်မနိုပ်လှဘူး
    ဇတ်လမ်းလေးကတော့ဖတ်
    လို့ကောင်းပါတယ်

    ReplyDelete
  7. ဇာတ်လမ်းလေး ကောင်းတယ် ။ ဇာတ်လမ်းကြားထဲ ရေးထားတဲ့ ကဗျာက ပိုကောင်းတယ်။

    ReplyDelete