အတန်းပိုင်ဆရာမက နာမည်ခေါ်ပြီး တစ်ဦးချင်းကို ထပြီးမိတ်ဆက်စေသည် ။ နှင်းပွင့်ဖြူ အလှည့် လည်းရောက်ရော
" ကဲကဲမင်းတို့ကို မိတ်ဆက်ပေးစရာရှိတယ် သူ့နာမည်က နှင်းပွင့်ဖြူတဲ့ အခုမှ ကျောင်းပြောင်းလာတာ စာလည်းအရမ်းတော်တယ် မင်းတို့အားလုံး စာကိုကြိုးစားပြီးယှဉ်ပြိုင်ကြပါ ။ နှင်းပွင့်ဖြူကိုလည်း မောင်နှမတွေလိုစောင့်ရှောက်ပါ"
ဟုဆ၇ာမကပြောသည် ။ စိတ်ထဲကတော့ တိတ်တိတ်လေး တွန်းလှန်လိုက်သည် ။ ဟုတ်တယ်လေ မောင်နှမလိုတော့ မစောင့်ရှောက်နိုင်ပါဘူး ။ မတော်နောက်ပိုင်းသူနဲ့ ရည်းစားတွေဘာတွေ ဖြစ်သွားရင်ဘယ့်နှယ့်လုပ်မလဲ ။ ကိုယ့်ဘာသာ တွေးပြီးကြိတ်ပြုံးလိုက်မိသည် ။ ဆရာမကလည်း ဒါကို မြင်ဖြစ် အောင်မြင်လိုက်သည် ။
" ဟိုကောင်သက်တန့် ဘာပြုံးစိစိလုပ်နေတာလဲ ဆရာမပြောနေတာကိုနော်...ဟွန်း အချိုးကိုပြင်ပါ"
အတန်းသားအားလုံးကသူ့ကို ၀ိုင်းကြည့်ကြသည် ။ အားလုံးက ပြုံးစိစိဖြစ်ကုန်ကြသည် ။ နှင်းပွင့်ဖြူကတော့ သူ့ကို ကြည့်ပြီး မျက်စောင်းတစ်ချက်ကို လှလှပပကြီးထိုးသွားသည် ။ ချစ်စရာကောင်းတဲ့ နဂါးမလေးရဲ့ မျက်စောင်းပေါ့ ။ အဲဒီမျက်စောင်းတစ်ချက်က နှလုံးသားထဲကို စူးစူးနစ်နစ်ဝင်ရောက်လာလိမ့်မယ်လို့ အဲဒီတုန်းက မထင်လိုက်မိဘူး ။
ချစ်ခြင်းတွေသာ ....
သံစဉ်တစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်....
ငါ့တေးသွားတွေ....
အစွမ်းကုန်တောက်ပ နေလေရဲ့....
ဝန်ရိုးစွန်းတစ်ဖက်မှာ..
မင်းနှစ်သက်တဲ့ ချယ်ရီပင်လေးတွေ...
ဆိတ်ဖလူးပန်းရနဲ့တွေနဲ့...
မင်း....ပျော်ရွှင်စေရမှာပါ...
နှင်း....ပွင့်......ဖြူ
သံစဉ်တစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်....
ငါ့တေးသွားတွေ....
အစွမ်းကုန်တောက်ပ နေလေရဲ့....
ဝန်ရိုးစွန်းတစ်ဖက်မှာ..
မင်းနှစ်သက်တဲ့ ချယ်ရီပင်လေးတွေ...
ဆိတ်ဖလူးပန်းရနဲ့တွေနဲ့...
မင်း....ပျော်ရွှင်စေရမှာပါ...
နှင်း....ပွင့်......ဖြူ
(သက်တန့်ချို)
ကျောင်းတက်တာ အခုဆို ၂ ပတ်ကျော်ပြီဖြစ်သည်။ ယခုထိကောင်မလေးနှင့် ရင်းနှီးခွင့်မရသေး ။ တဖြည်းဖြည်းနဲ့ သိလာရတာက ကောင်မလေးက စာမှစာ ။ စာရူးရူးနေသလားမသိပေ ။ အားနေစာအုပ်နဲ့ မျက်နှာခွာသည်မရှိပေ ။ ကောင်မလေးနဲ့ ရင်းနှီးခွင့်ရအောင်တော့ သူတစ်ခုခု ကြံဆောင်ရပေဦးမည် ။ နောက်ကောင်မလေးက အတော်ချမ်းသာပုံလည်းရသည် ။ ကျောင်းသို့လာလျှင် ကားဖြူလေးနှင့် အိမ်က လိုက်ပို့လေ့ရှိသည် ။ ကိုယ်လည်းကားနှင့်ပြန်တာပါပဲ ။ သို့သော်ခြေထောက်ကို ကားခြင်းသာဖြစ်သည် ။ အတော်တော့ကြည့်ရဆိုးမည်ထင်သည်။ အရင်က ကျောင်းကို အမြဲနောက်ကျလေ့ရှိသော သက်တန့် တစ်ယောက်ကို အခုဆို ကျောင်းတံခါးပင်မဖွင့်သေး ။ ကျောင်းရှေ့အုတ်ခုံလေးမှာ လွယ်အိတ်ကလေးပိုက်ပြီး အမြဲမြင်တွေ့နေရပြီဖြစ်သည် ။ တစ်ချို့ကတော့ သူ့ကိုထူးဆန်းသလိုကြည့်သွားကြသည် ။ ဟုတ်လည်း ဟုတ်သည်လေ ဒီကျောင်းမှာ စတက်ကတည်းက ကျောင်းသို့ စောစောလာသည့်ရက် သူ့မှာ မရှိခဲ့ ။ ဒီတော့လည်း အထူးဆန်းသဖွယ်ဖြစ်နေတာကိုး ။ တစ်ချို့ကလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ ပြုံးစိစိ လုပ်သွားကြသည် ။တစ်နေ့ အဲဒီတစ်နေ့က သူနှင့် ဆီးနှင်းဖြူတို့ကို ရင်းနှီးမှုရစေသောနေ့ ။ အမှန်ကို သိလိုက်လျင်တော့ ရင်းနှီးမှုမရသည့်အပြင် ခါးသီးမှုတွေသာ ဆုလဒ်အဖြစ်ရနိုင်သည် ။ အဲဒီနေ့က မနက်စောစော ကျောင်းသို့လာစောင့်နေသည်။ နှင်းပွင့်ဖြူလေး... နတ်သမီးလေးတစ်ပါးအလား ကြွကြွရွရွလေး လှမ်းလာနေသည်။ အခြားမိန်းကလေးတွေနှင့် မတူသည့် အချက်မှာ နှင်းပွင့်ဖြူက လမ်းလျောက်လျင် ဘေးဖက်သို့ဘယ်တော့မှ ကြည့်လေ့မရှိ ။ ရှေ့တည့်တည့်သို့သာ စူးစိုက်ပြီး ဖြေးဖြေးမှန်မှန်လျောက်လေ့ရှိသည် ။ ဘေးဖက်တွင် မီးလောင်နေလျင်လည်း သိမည့်ပုံမပေါ်ပေ ။ နှင်းပွင့်ဖြူက သူ့ကို မသိချင်ယောင်ဆောင်ပြီး ဖြတ်ကျော်သွားသည်။ ဒါကလည်း ထုံးစံပင် ။ သူကလည်း ထုံးစံအတိုင်း သူမနောက်မှ ကပ်၍ လိုက်ပါလာခဲ့သည် ။ ခေါင်းထဲတွင် ဒီကောင်မလေးကို ကြည့်ရင်း အသဲယားလာပြီး စချင်စိတ်ပေါ်လာသည်။ ကောင်မလေးရဲ့ လွယ်အိတ်လေးထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေသော ကော်ပေတံလေး တစ်ချောင်းကို သူတွေ့လိုက်ရ သည် ။ ဖြတ်ကနဲ ကောင်မလေးဘေးမှ ကပ်လိုက်နေရင်း ကော်ပေတံလေးကို မသိမသာဆွဲယူလိုက်သည်။ လူကလည်းကြပ်နေချိန်မို့ နှင်းပွင့်ဖြူက သတိပင်ထားမိပုံမပေါ်ပေ ။ ပထမတော့ အပေါ်ထပ်တက်သည့် လှေကားတွင် ပေတံလေးကိုအသာအယာ ပြန်ထည့်ပေးလိုက်မလို့ပင် ။ ကံတရားကလည်း ကိုယ့်ကိုမျက်နာသာအတော်ပေးပုံရလေသည်။ အပေါ်ထပ်လှေကားကို တက်သည့် အချိန်ရောက်တော့ ကျောင်းသားအချို့က စရင်းနောက်ရင်း လူတွေကို တွန်းထိုးပြီးပြေးတက်သွားကြသည့် ။
လက်ထဲမှာ ကိုင်ထားသော ပေတံလေးက ရုတ်တရက် သူတို့တွန်းလိုက်သည့် အရှိန်ကြောင့် နံရံကို ညပ်ပြီး ထက်ဝက်ကျိုးသွားလေသည်။ ဟိုက် သောက်တလွဲ... ပြဿနာကတော့စပြီ ။ ခေါင်းတွေပူထူသွားသည်။ နှင်းပွင့်
ဖြူကတော့အခန်းဖက်သို့ လျောက်သွားပြီဖြစ်သည်။ ရုတ်တရက်စဉ်းစား၍ မရသောကြောင့် အောက်ထပ်သို့ ပြန်၍ ဆင်းလာခဲ့သည်။ နောက်မှ သတိရသွားကာ ကျောင်းသက်သာချောင်ချီရေး အရောင်းဆိုင်မှာ ဒီလို ကော်ပေတံလေးတွေတင်ထားတာ သူတွေ့ဖူးသည်။ ရုတ်တရက် ပြန်လှည့်ကာ ပြေးဆင်းသွားသော သူ့ကို အကုန်လုံးက ကြောင်ပြီးကြည့်နေကြသည်။ ကျောင်းတက်ချိန်နီးလာပြီဖြစ်၍ အရှိန်ကို မြှင့်သထက် မြှင့်လိုက်သည် ။
ဆိုင်ကလေးသို့ေ၇ာက်တော့ ရုတ်တရက်မောနေ၍ ဘာမှမပြောနိုင်သေး ။
"ပေ...ပေတံ "
" ဟေဘာတုန်းကွ ပေတံလား "
" ဟုတ်...ဟုတ်ကဲ့ဦးလေး"
ဟု သူဆိုလိုက်တော့ ဦးလေးကြီးက ဘီဒိုကို ဖွင့်ကာ သစ်သားပေတံတစ်ချောင်းထုတ်ပေးလေသည်။
" ဟာမဟုတ်ဘူး ဦးလေး ကော်ပေတံလိုချင်တာ အရှည်လေ ဟို..အကြည်ရောင်လေး ရှိတယ်မဟုတ်လား "
" ကုန်သွားပြီကွ "
" ဗျာ...."
သူအော်လိုက်သော အသံကြောင့်ဦလေးကြီးလည်း လန့်သွားပုံပေါ်သည်။ နောက်တော့ တစ်ခုခုကို စဉ်းစားမိသွားပုံဖြင့်
" နေဦးကွ တစ်ချောင်းကျန်သေးလားမသိဘူး ရှာကြည့်ပေးမယ်"
" လုပ်...လုပ်ပါဦး ဦးလေးရယ်..အရေးကြီးလို့ပါ"
" မင်းတို့တွေဒီတိုင်းကြီးပဲ ကျောင်းသားဆိုတာ ပေတံဆောင်ထားရမယ်ဆိုတာ မသိဘူးလားကွ"
သူတိတ်ဆိတ်စွာ နေလိုက်သည်။ တစ်ခုခုပြန်ပြောလိုက်လျှင် အချိန်ပိုကြာသွားနိုင်သည်။ အတော်လေး ကြာတော့မှ ကော်ပေတံ အကြည်လေးတစ်ချောင်းကို ထုတ်ပေးသည်။ သူလည်း ကျသင့်ငွေကို အမြန်ရှင်းပြီး လွယ်အိတ်ထဲမှ ထောက်ဆူးချွန်လေးကို ထုတ်လိုက်သည်။ နောက်တော့ ပေတံအလွန်းလေးမှာ L O V E ဟုသော စာလုံးလေးအား ထွင်းလိုက်သည်။ အော်..ငါ့နှယ် ကိုယ့်ကိုယ်ကို အတော်ရူးနေမှန်းအခုမှသိသည်။ ထိုအခိုက် ကျောင်းခေါင်းလောင်းထိုးသံကို ကြားလိုက်ရသည်။ သူ့ရဲ့ စိုးရိမ်ရေမှတ်က အမြင့်ဆုံး သို့ေ၇ာက်ရှိသွားသည်။ အခန်းရှိရာသို့ အားသွန်ခွန်စိုက်ပြန်ပြေးလာခဲ့သည်။ ကျောင်းနောက်ကျလျှင် ထိုင်ထလုပ်ရမည်ဟု ဆရာမက အမိန့်ထုတ်ထားသည်ကိုး ။ အခန်းဆီသို့ရောက်တော့ အခန်းတံခါးက ပိတ်ထားလေသည်။ ဟိုက် ဟုတ်သား ဒီနေ့ ဘိုင်အိုဆရာမအချိန်ပဲ ။ ဘိုင်အိုဆရာမကိုတော့ သူတို့ တစ်တန်းလုံး တုန်နေအောင်ကြောက်ရသည်။ သူကတော့ မတုန်ပါ ။ အဲဒီလောက်ကြီး မှရုပ်မဆိုးတာကိုး ။ တစ်ဆက်တည်းမှာပင် နှင်းပွင့်ဖြူလေးအတွက် စိုးရိမ်သွားသည်။ သူမ မှာ ပေတံမှ ပါမသွားပဲ ။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့တော့ပေမည် ။ အခန်းတံခါးကို အသာအယာ ခေါက်လိုက်သည်။ ဟိုကောင်ကျော်ငြိမ်းက ဆရာမခွင့်ပြုချက်ဖြင့် တံခါးလာဖွင့်ပေးသည်။ အတန်းထဲရောက်တော့ အခြေအနေက သိပ်မကောင်း ။ မုန်တိုင်းက အစပျိုးနေပြီဖြစ်သည်။
"ဟိုကောင်သက်တန့် ဘာလို့နောက်ကျနေတာလည်း အဲဒီမှာ ရပ်နေစမ်း"
" ဟုတ်...ဟုတ်ကဲ့ဆရာမ"
ဆရာမက အတန်းထဲဖက်သို့ လှည့်လိုက်ကာ
" ကဲဘိုင်အိုအချိန်မှာ ဒီနေ့ ပုံဆွဲမယ် ခဲတံ ခဲဖျက် ပေတံ အစုံမပါလာတဲ့သူ ကိုယ့်အသိစိတ်နဲ့ကိုယ် ခုံပေါ်တက်ပါ"
အားလုံးက ဘိုင်အိုဆရာမအချိန်မို့ သတိထားပြီးယူလာကြပုံရသည်။ ထိုအခိုက် သူ့ရဲ့ နှင်းပွင့်ဖြူလေး ခုံပေါ်တက်ပြီး မတ်တက်ရပ်လိုက်သည်။ တစ်တန်းလုံးက သူမကို ၀ိုင်းပြီးကြည့်နေကြသည်။ ဆရာမက ကြိမ်လုံးကို ကိုင်ကာ နှင်းပွင့်ဖြူလေးဆီသို့ လျောက်သွားနေသည်။
" ဆရာမ ခဏနေပါဦး ဆရာမ .. "
ကျနော်လှမ်းအော်လိုက်တော့ အားလုံး၏ အကြည့်တို့က ကျနော့်ဆီသို့ စုပြုံပြီးရောက်လာကြပြန်သည်။ ဆရာမက ကျနော့ကို လှမ်းကြည့်သည်။
" ဟို... နှင်းဆီဖြူရဲ့ ပေတံက ဒီမှာပါဆရာမ ကျနော်ကျောင်းလာတာနောက်ကျသွား လို့ပါ သူ့ဆီက ဌားထားပြီး ပြန်မပေးဖြစ်သေးလို့ပါ "
ကျနော်က မထူးဆန်းသည့်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ်ဆိုလိုက်တော့ နှင်းပွင့်ဖြူက အံ့သြစွာ လှမ်းကြည့်နေသည်။ ကျနော်က ပြောပြီးသည်နှင့် နှင်းပွင့်ဖြူဆီသွားပြီး
" ရော့နှင်းပွင့်ဖြူ ငါတောင်းပန်ပါတယ်ဟာ ပြန်ပေးဖို့မေ့သွားလို့ "
ကျနော်က ခပ်တည်တည်ဆိုနေတော့ နှင်းပွင့်ဖြူက ကျနော့်ကို ရီဝေသော မျက်ဝန်းနက်လေးတွေနှင့် ပြန်ပြီးစူးစိုက်ကြည့်နေသည်။ ဒီလောက်ဆို လုံလောက်ပြီပဲလေ ။
" ကဲသမီးပြန်ထိုင်တော့ သက်တန့် မင်းမှာရော ပုံဆွဲဖို့ အစုံပါလာလား"
" ဟို..ဟို ပေတံ ကမ၀ယ်ရသေးဘူးဆရာမ"
တကယ်လည်း ပေတံက မပါလာခဲ့ပေ ။ ဆရာမမျက်နှာက တဖြည်းဖြည်းနီရဲလာခဲ့သည်။
" ကဲဒါဆို မင်းအပြစ်ကို မင်းသိတယ်မဟုတ်လား စတော့ "
ဆရာမက ဆိုတော့ သူလည်း ခပ်တည်တည်ပင် စတိတ်စင်ပေါ်သို့ တက်လာခဲ့သည်။ နောက်ထိုင်ထ အခေါက် ၃၀ လုပ်လိုက်ရသည်။ အောင်မငီး ခြေထောက်တွေ အတော်ညောင်းသွားသည်။ ဒါက နောက်ကျတဲ့ အပြစ် ။ နောက်တော့ ဆရာမက သူ့ဆီသို့လာကာ ပေတံမပါလာသည့်အတွက်ဟုဆိုကာ လက်ဝါးဖြန့်ခိုင်းပြီး ငါးချက်ရိုက်လေသည်။ အရိုက်ခံနေတုန်း နှင်းပွင့်ဖြူလေးကို ကြည့်မိတော့ .... မျက်ရည်တွေဝိုင်းပြီး သူ့ကို ကြည့်နေသည်ကို တွေ့ရလေသည်။ သူလည်း ရုတ်တရက် ဆို့နင့်သွားသည်။ သူမ..ဘာကြောင့်ငိုနေရတာလည်း ။
ဆက်လက်ရေးသားပါဦးမည် ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
No comments:
Post a Comment