ကောင်းကင်တစ်ခွင်လုံးက အုံ့မှိုင်းကာမဲမှောင်နေသည်။ မိုးကတော့ ( မိုးဖြူမစဲ မိုးမဲမရွာ ) လို့သာ ပြောတာ ရွာလိုက်သမှ တ၀ုန်းဝုန်း ။ " အုံးဂွမ် အုံးဂွမ် " နဲ့ဖားအော်သံတွေက နားထဲသို့ ဆူညံစွာ ၀င်ရောက်လာခဲ့သည်။ အော်.. ဘာလိုလိုနဲ့ နောက် ၂ ရက်ဆို အရိုးဆောင်ဆင်းရတော့မှာပါလား ။ အရိုးဆောင်မှာ ဆင်းရမည်ဆိုတော့ နဲနဲတော့ ရင်ခုန်မိသည် ။ ကျောက်ပတ်တီးတွေကိုင် အရိုးတွေကို တူတွေလွှတွေနဲ့ ဖြတ်ဆက် အတော်စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တစ်ခုပါ ။ တွေးရင်းတွေးရင်းနဲ့ မိုးသံတဖွဲဖွဲဖြင့် ပြန်လည် အိပ်ပျော်သွားခဲ့သည် ။
ဒီနေ့ ဂျူတီနေ့ ။ Ortho ward မှာ ပထမဆုံး ဂျူတီစဆင်းရမည် ဆိုတော့ လူက မြောက်ကြွမြောက်ကြွ ။ ပထမသုံးရက် သူငယ်ချင်းတွေ ဆင်းသွားတုန်းက အသစ်တက်သည့်လူနာ(NA) က အများဆုံးမှ ၅ ယောက် ။ ဒါကြောင့် Ortho ကို Oasis လို့ပြောကြသည် ။ ဟောက်ဆာဂျင်ဘ၀မှာ လာပြီး အပြည့်အ၀ အနားယူရသည်ကိုး ။ ဒါပေမယ့်လည်း သိတယ်ဟုတ် ။ အခြားလူမဟုတ်ဘူးလေ ။ ဘဲကြီးဆိုတော့ကား........ ။ အတူဆင်းသည့် ကောင်တွေကိုလည်း ကြည့်ပါဦး ။ ဂျပု ၊ အရှည်ကြီး ၊ ၀က်မ နဲ့ ကျွန်တော် ။ အားလုံး ယောင်္ကျားလေးချည်းပဲ ။ ပွဲကသိမ်းရော.. ။ ဂျူတီစဆင်းလို့မှ နာရီဝက်မပြည့်သေးဘူး ။
" ဆရာ.. NA လာတယ် "
ဟို ကောင် သုံးကောင်ခေါင်းထောင်သွားကြသည်။ ဦးခေါင်းပြောပါတယ် ။ ဟုတ်တယ်လေ ... သူများတွေဆို ညနေပိုင်းလောက်မှ တယောက်စ နှစ်ယောက်စ တစ်နေ့လုံးမှ ၅ ယောက် ။ ကိုယ့်ကျတော့ နာရီဝက်မပြည့်သေးဘူး လာပြီ ။ ဒီတော့ History ယူ Physical Examination စမ်း ဓါတ်မှန်ရိုက် နောက်တော့ PG နဲ့ဝိုင်းပြီး ကျောက်ပတ်တီးကိုင်ပေးလိုက်ကြသည်။ PG က
" မင်းတို့ အတော်ကံကောင်းတယ် ဒီနေ့ စောစောစီးစီး လူနာလာတယ် ကဲ.. ငါ Surgery ဖက် ခဏသွားအုန်းမယ် "
ပြောလို့ မှမဆုံးသေး ။
" ဆရာ ကားတိုက်လို့တဲ့ NA လာတယ်"
ပီဂျီဆရာ ကြောင်သွားသည်။ သူ့ကြည့်ရတာ သိပ်တော့ယုံချင်မပေါ် ။ ဟုတ်တယ်လေ.. အိုအေစစ်က ဘယ့်နှယ့်လူနာ ခဏခဏလာနေရတာတုန်း ။ ၀ိုင်းလိုက်လာသည့် အဖော်နှင့် ကဒ်ကြီးကိုတွန်းပြီး ဆူညံစွာ ၀င်လာကြသည်။ ထုံးစံအတိုင်းပေါ့ ။ စမ်းသပ်ပြီးတဲ့အခါမှာတော့ အရိုးက ကျိုးပြီး အသားကို ဖောက်ဝင်သွားသည့်အတွက် ခွဲခန်းဝင်ရမည်ပေါ့ ... ။ သူဝင်မယ် ငါဝင်မယ်နဲ့လုကြပြန်ရော ။ ၀က်မက အနိုင်ရသွားတယ် ။ သူကခွဲခန်းကို စစ်တိုက်မဲ့ စစ်သူကြီး တစ်ယောက်လိုချီတက်သွားတယ် ။ ၂ ယောက်မြောက်လူနာကခွဲခန်းဝင်သွားတော့ အောက်မှာ ကျန်ခဲ့တဲ့လူတွေက နားရပြီပေါ့ ။ ရေလေးသောက်မယ်လုပ်တုန်း
" ဆရာ NA "
တဲ့ ... ။ ဆရာမ နာ့စ်က ကျွန်တော်တို့ကို သိပ်ကြည်ပုံမရတော့ဘူး ။ ဟုတ်တယ်လေ သူလည်း အိုအေမှ မစစ်နိုင်တော့တာကိုး ။ ဟိုဂျပုက
" ဘဲကြီး ခင်ဗျားကတော့လုပ်ပြီ medical တုန်းက case လိုက်ပုံမျိုးနဲ့ဆို ကျွန်တော်တို့ သေမှာပဲ "
တဲ့ ။ ဟုတ်ပါတယ် ဒီကောင်တွေ အတော်နဖာ ထွက်သွားတယ် မက်ဒီကယ်တုန်းက ဟဟ ။ အဲဒီတုန်းက လေးယောက်ပဲ ဆင်းရတယ် ။ ကျွန်တော်နဲ့ ကောင်မလေး (ကျွန်တော့်ထက်အသက်ကြီးပါတယ်) တစ်ယောက် ကတစ်ဖက် ။ ဂျပုနဲ့ အရှည်ကြီးက တစ်ဖက် ။ အဲဒီတုန်းက ၀က်မက အခြားအဖွဲ့မှာ ။ အင်းစိန် မက်ဒီကယ်မှာ male ward , female ward ခွဲထားတယ် ။ တစ်ဖက်ကို ဟောက်စ် နှစ်ယောက် ပေါ့ ။ အေအက်စ် ကတော့ တစ်ယောက်ပဲ ။ စုစုပေါင်း ခြောက်ဖွဲ့လောက်ရှိမယ်ထင်တယ် ။ သူများအဖွဲ့တွေဂျူတီနေ့တွေလိုက်မေး ။ NA ၁၀ ယောက် မိုင်ကုန်ပဲ ။ ကျွန်တော်တို့ ဂျူတီ ။ မှတ်မှတ်ရရ အဲဒီနေ့က အကူပါခေါ်ရတယ် ... ။ အယောက် ၃၀ ကျော်သွားတယ် .. ။ လူကို စိတ်နဲ့ မကပ်တော့ဘူး ။ လေထဲမှာ လွင့်နေသလိုမျိုး ။ အတူဆင်း သည့်ကောင်မလေးက နင်နဲ့ဆို တစ်သက်လုံး ဂျူတီအတူမဆင်းတော့ဘူးတဲ့ ။ ကဲဒါတွေထားပါ ။
ပြန်ဆက်ရအောင် ။ အဲဒီလိုနဲ့ နာ့စ်က သိပ်မကြည်တော့ဘူး ။ ဟိုကောင်ကလည်း နေ့လည် ၁၂ နာရီခွဲလောက်မှ OT ခွဲခန်းက ပြန်ဆင်းလာတယ် ။ အိုကေလားတဲ့ ။
" အေး NA ၁၀ ယောက်ရှိပြီ "
" ဟုတ်လို့လားကွာ "
" ဒီမှာဟေ့ မင်းဂျီးတော် ကြည့်ဟေ့ "
ဆိုပြီး Register book ကိုပြလိုက်တော့မှ ဟိုကောင်ယုံသွားတယ် ။ အဲဒီနေ့တစ်နေ့လုံး တစ်ယောက်နဲ့ တစ်ယောက် သိပ်တောင်စကားမပြောခင်ကြတော့ဘူး ။ တစ်ညလုံးလည်း လာလိုက်တဲ့NA တွေတဖွဲဖွဲ ။ အခုမှ တကယ့်ကို အိုအေစစ်ဖြစ်သွားတယ် ဟဟ ။ အိုတီတွေတက်ရတာလည်းမနည်း ။ ကိုယ်တစ်ယောက်တည်း အများဆုံး အိုတီဝင်ပစ်လိုက်တယ် ။ ဟွန်း.. ပညာရတာပေါ့နော့ ။ နောက်တစ်နေ့မနက် စာရင်းချုပ်လိုက်တော့ စုစုပေါင်း ၂၃ ယောက် ။ PG ကိုကြည့်လိုက်တော့ ပျော့ဖက်ဖက်သာ ကျန်တော့သည် ။ ( လူပုံစံကိုပြောပါတယ် )
အဲဒီနေ့ ဂျူတီဆင်းပြီးနောက် ၂ ရက်မှာ နာဂစ်မုန်တိုင်း ၀င်တိုက်သွားပါတယ် ။ ဆေးရုံလည်း ၂ ရက်လောက် ဘာတွေဖြစ်သွားမှန်းကို မသိလိုက်ဘူး ။ ဆေးရုံးသွားရတာ တောထဲရောက်သွားသလိုပဲ ။ ဟိုသစ်ပင်အောက်က လျှိုသွားလိုက် ငုံ့သွားလိုက် ကျော်သွားလိုက်နဲ့ တောတွင်းခရီးသွားသလိုပဲ ။ နောက် ၄ ရက်မြောက်နေ့တော့ ကွမ်းခြံကုန်းကို Volunteer သွားမယ် တဲ့ ။ ဘယ်သူလိုက်မလဲတဲ့ ။ လေးယောက်စလုံး ရှေ့ဆုံးကလိုက်သွား ခဲ့ပါတယ် ။ ဂျူတီမဆင်းချင်၍ မဟုတ်ရပါ ။ ခရီးထွက်ရမယ်ဆို ဖင်တကြွကြွဖြစ်နေခြင်းသာ ။ ၆ ရက်မြောက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ဧရာဝတီ နဲ့ရန်ကုန်တိုင်းကို ၂ ပါတ်ခရီး သွားရမယ်တဲ့ ။ အလှည့်ကျပေါ့ ။ ပထမဆုံး တစ်သုတ်မှာပဲ လိုက်သွားခဲ့ပါတယ် ။ လမ်းတစ်လျောက်ကတော့ မြင်မြင်သမျှ .... စိတ်မချမ်းမြေ့စရာတွေချည်းပဲ ။ ကျွန်တော်တို့ကား လာတယ်ဆိုလို့ သတင်းကြားလို့တဲ့ ကလေးတစ်သက်က ချောင်းရိုးတလျောက်ကို ငှက်ပျော်တုံးတွေ အုန်းတုန်းတွေ လှော်ပြီး ရောက်လာကြပါတယ် ။ သူတို့ကို စားစရာတွေချပေး ။ နောက်တော့ မဲနှိုက်တော့ ကျနော်တို့က ဒေးဒရဲ တစ်ဖက်ကမ်း ကျိုက်ထော်မြို့လေး ဆီရောက်သွားပါတယ် ။ မြို့ သာဆိုတာပါ ရွာလေးပါပဲ ။ တိုက်နယ်ဆရာဝန်တစ်ယောက်ရှိတယ် ။ သဘောကလည်း ကောင်းမှကောင်း ။ ဆေး၂ကလို့ ဆိုတာနဲ့ သူ့ ညီတွေအတိုင်းပဲ ဆက်ဆံတာ ။ အရမ်းလည်း ခင်သွားကြတယ် ။ အဲဒီမြို့လေးမှာ ရောက်နေတဲ့အခိုက်မှာပဲ Myanmar Medical Association က ဆရာဝန်တွေရောက်လာပါတယ် ။ သူတို့နဲ့ပေါင်းပြီး နေ့စဉ် ရွာတွေဆင်း ဆေးကု တစ်ချို့ရွာတွေဆို ဗွက်တွေ ထဲဆင်း ရွှံ့တွေလူး ။ ဒါပေမယ့် ကျွန်တော်တို့ မမောပန်းခဲ့ဘူး ။ စိတ်ထဲမှာ ပျော်ရွှင်ကျေနပ်နေခဲ့တယ် ။ အဲဒါဟာ ဆရာဝန် စိတ်ဓါတ်လားလို့ တစ်ခါတစ်ခါတွေးမိတယ် ။ ရွာတွေဆီသွားရင် လှေလေးတွေနဲ့ သွားရတာလည်း ရှိတယ် ။ မိုးက သဲနေတုန်းဆိုတော့ တစ်ခါတစ်လေဆို လှေက မှောက်မတတ်ပဲ ။ ဒါပေမယ့် .....အဲဒီအချိန်မှာ ထူးဆန်းတာက ကျွန်တော်တို့ ကြောက်ရွံ့မနေခဲ့ဘူး ။ သတ္တိတွေ အလိုလိုပြည့်နေခဲ့တယ် ။ ဆရာဝန်တွေ လာတယ်ဆိုတာနဲ့ ၀ိုင်းလာကြတဲ့ ရွာသူရွာသားတွေ.. ။ ရိုးသားတဲ့ မျက်နှာတွေ ဟန်ဆောင်ခြင်းတွေလုံး ၀မရှိခဲ့ဘူး ။ သူတို့ကျွေးတဲ့ မှိုနတို နဖားရွက် သုံးဦးစပ် ငပိရေကျို ငါးကြော် ဘဲဥချဉ်ရည် ။ စေတနာတွေ ... အရမ်းကို အရသာရှိလှပါတယ် ။
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၁)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၂)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၃)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၄)
ဆက်လက်ရေးသားပါဦးမည် ။
စာရေးသူ.....သက်တန့်ချို ( ၁၁း၃၀ ည ၂၈.၁၂.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဖတ်ပြီး ပီတိ ဖြစ်မိပါတယ်။
ReplyDeleteဆက်လက်အောင်မြင်ပါစေ သက်တန့်ချိုရေ...
မင်္ဂလာပါ ကိုသက်တန့်ရေ..
ReplyDeleteဖတ်နေရင်းနဲ့ ဆရာရဲ့ လူနာတွေအပေါ်မှာ ထားတဲ့ စေတနာကို နားလည် ခံစားမိပါတယ်ဗျာ။ ပိတိတွေ ဖြစ်ရပါဘိ။
ခင်မင်စွာဖြင့်
ကိုမျိုး
အဲဒီလိုချစ်စရာစိတ်ဓာတ်မျိုးလေးတွေကို နယ်ဘက်တွေမှာ ပိုအတွေ့ရများတယ်နော်.. ဘာဘဲဖြစ်ဖြစ် ချစ်စရာ မြန်မာလူမျိုးတွေရဲ့ စိတ်ထားလေးတွေပါ..ဆက်ရေးပါနော်...
ReplyDeleteအားရှိပါတယ် .......ဖတ်ရတာ
သက်တန့်ချိုရေ လာဖတ်သွားပါတယ်။ အတွေ့အကြုံလေး မျှဝေပေးတာ ကျေးဇူးတင်တယ်။ ဟောက်ဆာကျင် (၂) တုန်းကလိုတော့ ဘာမှမငြင်းတော့ဘူးနော့်။
ReplyDeleteအတွေ့အကြုံလေး...လာဖတ်သွားပါတယ်..သက်တန့်ရေ ....
ReplyDeleteငယ်ငယ်ကဆရာဝန်ဖြစ်ချင်တာ မဖြစ်ခဲ့ရတော့ ဟောက်ဆာဂျင်ဘ၀ဆိုတာဘယ်လိုလဲလို့ ဆိုတာကို အစ်ကို့ဆီမှာ လာဖတ်သွားပါတယ်...ဆက်ရေးပါဦး :)
ReplyDeleteအမတို့လဲ နာဂစ်တုန်းက ကွမ်းခြံကုန်း၊ တွံတေးကနေ ဒေးဒရဲထိ စားစရာတွေအသုံးအဆောင်ပစ္စည်းတွေ သွားလှူဖြစ်သေးတယ်...အဲဒီတုန်းက အသိစစ်ဆရာဝန်တစ်ယောက်ပါသေးတယ်...။
ReplyDeleteသက်တန့်ချိုအမြဲတမ်းစေတနာဆရာဝန်တစ်ယောက် ဖြစ်ပါစေ...
ခင်မင်စွာဖြင့်
မိုးငွေ့
သက်တန့်ရေ.. ဆရာဝန်တစ်ယောက်ရဲ့ ရှိသင့်တဲ့ စိတ်ဓါတ်လေးကို လေးစားမိပါတယ်။ ပီတိကိုစား အားရှိတဲ့။ တောရွာက ရိုးသားဖြူစင်သူတွေရဲ့ စေတနာ ထမင်းတလုပ်ဟာ အင်မတန်မှ တန်ဘိုးဖြတ်မရတဲ့ နတ်သုဒ္ဒါပဲပေါ့။
ReplyDeleteခင်မင်လေးစားလျှက်
ကိုသက်တန့်ကိုကြည့်ပြီး Target တကယ်ကို အားကျမိပါတယ်.. ဆေးကျောင်းမတက်မိတဲ့ ကိုယ့်ကိုယ်ကိုလည်းဒေါသ ထွက်မိတယ်.. ကိုသက်တန့်တစ်ယောက် လူနာ အသက်ပေါင်းများစွာကို ဆက်လက်ကယ်တင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ReplyDeleteအတွေ့အကြုံလေး မျှဝေပေးတာ ကျေးဇူးတင်တယ်။
ReplyDeleteအတွေ့အကြုံလေး မျှဝေပေးတာ ကျေးဇူးတင်တယ် ကိုသက်တန့်။
ReplyDelete