Tuesday, December 22, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (ဇာတ်သိမ်းပိုင်း)

ရင်ထက်ထက်က ဆီးနှင်းသံ (ဇာတ်သိမ်းပိုင်း)




ခင်ဗျားက အလျော့ပေးခြင်းဆိုတဲ့အရာနဲ့ မထိုက်တန်ဘူး ကျော်ဇေယျာဝင်းတင့်ရေ.. ။ သတိထားပေတော့ ။ ဒိုင်လူကြီး၏ ခရာသံဆုံးသည်နှင့် ထုံးစံအတိုင်း သကောင့်သားက သဲကြီးမဲကြီးဝင်တိုက်သည် ။ ညာလက်သီးဖြောင့်ထိုးသည် ။ သူကဘယ်လက်သီးနှင့်ဆီးခံသည် ။ ဘယ်ခြေနှင့်ကန်သည် ။ သူက ညာခြေနှင့်ပြန်ခံသည် ။သူ ရုတ်တရက်ပြေးဝင်ပြီးဒီကောင့်ဒူးပေါ်ခုန်တက်လိုက်သည် ။ ပထမတော့ ဒီကောင် ကြောင်သွားသည် ။ သို့သော် အရမ်းကို နောက်ကျသွားပြီဖြစ်သည် ။ သူ့ဒူးခေါင်းက ဒီကောင့်ရင်ညွန့်ဆီသို့... ။ လျှင်မြန်လွန်းသောကြောင့်တစ်ချို့က သဲသဲကွဲကွဲမမြင်လိုက်ရ ။ သူ့အချိန်အဆကို သူသိသည် ။ ဒီလောက်ဆိုဒီ ကောင် ၃ ပါတ်လောက်တော့ အနားယူရဦးမည် ။

" ဝေး....ထ.၁ ကွ.. သက်တန့်ကွ ဟေ့ကောင်တွေမင်းတို့ ထ.၆ ကို အရေပြုတ်သောက်မကွ .."

ကျောင်းသားတွေဝမ်းသာအားရထခုန်ကြသည် ။ သူလူအုပ်ကြားတွင် ဆီးနှင်းဖြူလေးကို ရှာဖွေမိသည် ။ သို့သော် သူမကို ရှာမတွေ့တော့ပေ ....... ။

အခုရက်ပိုင်း သိုင်းပြိုင်ပွဲပြီးကတည်းက ဆီးနှင်းဖြူက သူ့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည် ။ သူကတော့ စာမေးပွဲနီးလာ၍ စာကျက်နေသည်ဟုပင် ဖြေတွေးလိုက်သည် ။ သူမကို ကျူရှင်မှာလည်း မတွေ့ရတော့ ။ ဂိုက်ဌားပြီးစာကျက်နေသည်ဟု သူမသူငယ်ချင်းများမှတဆင့် သိရသည် ။ တစ်ရက်သော ညနေခင်းလေးမှာပေါ့..... ။ သူနှင့် ဆီးနှင်းဖြူလမ်းမှာဆုံမိသည် ။ ဆီးနှင်းဖြူက သူ့ဆီတည့်တည့် လျောက်လာသည် ။ နောက်ဘာမှမပြောပဲ သူ့မျက်နှာကို အကြာကြီးစိုက်ကြည့်နေခဲ့သည် ။

"သက်တန့် နင့်..ကို .. ငါမခေါ်တော့ဘူး"

ဗုဒ္ဓေါ ...ရုတ်တရက်ကြီးပြောလာ၍ သူဘာပြန်ပြောရမှန်းမသိ ။

"ဘာဖြစ်လို့တုန်း ဆီးနှင်းဖြူရဲ့..."

" နင်ကငါစိုးရိမ်ရအောင် အမြဲလုပ်တယ်...နင့်ကြောင့်ငါညညလည်းစာကျက်မရဘူး နင့်ကိုငါမခေါ်ချင်တော့ဘူး"

သူ့ရင်ထဲမှာ သိမ့်ကနဲခံစားသွားရသည် ။

" နင်ကဘာလို့စာကျက်မရတာလည်း ငါကကြမ်းပိုးယောင်ဆောင်ပြီး နင့်ကို လာကိုက်နေလို့လားဟ"

သူ ရယ်ကျဲကျဲဆိုလိုက်တော့ ကောင်မလေးက မျက်နှာပိုစူပုပ်လာပြီး

" နင်ကပြောင်စပ်စပ်လုပ်နိုင်သေးတယ် ဟွန်း .. နင်သိုင်းပြိုင်ပွဲတုန်းက လဲကျသွားတုန်းက.. ငါဘယ်လောက် ရင်ပူခဲ့ရသလဲ...ကောင်စုတ်"

ဟုဆိုကာလက်သီးဆုပ်ကလေးတွေနှင့် ထုသည် ။ နှလုံးသားထဲထိရောက်လာသည်ဟု ထင်ရသည် ။ ကောင်......မ........လေး.......ရယ်.........။

ဒီလိုနဲ့စာမေးပွဲနောက်ဆုံးနေ့ကြီးကို အောင်အောင်မြင်မြင်ဖြေဆိုပြီးစီးသွားလေပြီ ။ ခုချိန်မှာ သူအတွေ့ချင်ဆုံးက ဆီး....နှင်း.....ဖြူ ။ ကျောင်းတစ်ခုလုံးနှံ့အောင်ရှာပြီးပြီ ။ သို့သော်သူမကို အရိပ်အယောင်ပင်မတွေ့ရ ။ ရင်ထဲက နဲနဲလည်း စိုးရိမ်ပူပန်လာသည် ။ နောက်ကျော်ငြိမ်းနှင့်တွေ့တော့

"ဟေ့ကောင်သက်တန့် မင်းရဲ့ ဆီးနှင်းဖြူကို သူ့အိမ်က စာမေးပွဲပြီးတာနဲ့ ကားနဲ့လာခေါ်သွားတယ်ကွ ပြဿနာတစ်ခုခု ဖြစ်နေပုံပဲ ရေးကြီးသုတ်ပြာနဲ့"

ဟုပြောသည် ။ ဘာတွေများဖြစ်တာပါလိမ့် ။ သူ ဆီးနှင်းဖြူတို့ အိမ်သို့လျောက်လာခဲ့သည်။ မြင်ကွင်းက မယုံနိုင်စရာ ။ ဆီးနှင်းဖြူတို့အိမ်လေးက သော့ခတ်ထားပြီး အိမ်ရှေ့မှ ဆိုင်းဘုတ်လေးက "အိမ်ရောင်းမည်" တဲ့ ။

ဘာတွေလဲကွယ်....
မကျီစားကြပါနဲ့....
ဒီရင်ဘတ်ထဲ...ဒါဏ်ရာတွေက...
အလွမ်းတွေနဲ့ တည်ဆောက်ထားတာမို့ပါ ....
ဒီလိုနဲ့...ဒီလိုနဲ့....ဒီလိုနဲ့ပဲ....
တောင်စဉ်ရေမရ....
တွေးခေါ်မှုတွေနဲ့...
ငါဘယ်လိုအသက်ဆက်ရမလဲ...
ကောင်မလေးရယ်...
ငါ့ရဲ့...တီးတိုးပုံပြင်လေးတစ်ပုဒ်ကိုတောင်....
မင်းက နားမထောင်သွားခဲ့ဘူး.....
xxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxx

ကောင်မလေးနဲ့ မတွေ့ရတဲ့ရက်ပေါင်း ၁၅၀ မြောက်မှာပေါ့... ။

သူတစ်ယောက်တည်း အင်းလျားကန်ဘောင်ပေါ်မှာထိုင်ပြီး ကဗျာရေးနေမိသည်။ ထိုအခိုက် လေပြင်းတွေက နဲနဲပြင်းလာသည်။ မိုးစက်မိုးမှုန်တို့က မျက်နှာပေါ်ကျရောက်လာသည်။ ကဗျာစာအုပ်ကို ပိတ်ကာရင်ခွင်ထဲ ထိုးထည့်လိုက်သည်။ ကောင်းကင်ကိုမော့ကာ မျက်လုံးကိုမှိတ်ထားလိုက်ပြီး မိုးစက်မိုးမှုန်တို့၏ အရသာကို နှစ်သက်စွာခံယူနေမိသည်။ ရုတ်တရက် အာရုံတစ်ခုကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ထီးဖြူဖြူလေးတစ်လက် သူအံ့သြစွာနောက်ကို လှည့်ကြည့်လိုက်တော့...

အချိန်နာရီတွေ ခဏရပ်တန့်သွား၏ ။ ရွာချနေသော မိုးရေတို့ ခေတ္တရပ်တန့်သွားကြသည် ။ သက်ရှိသက်မဲ့အားလုံး ရပ်တန့်သွားကြလေသည်။ သူမ ဆီး...နှင်း.....ဖြူ ။ သူဆွံအစွာငေးကြည့်နေမိစဉ်မှာပင်

" ဘယ်လိုလဲ ကိုယ့်ဆရာရဲ့ အအေးမိမှာ မကြောက်ဘူးလား ဘယ့်နှယ့်မိုးရေထဲ ဇိမ်ခံနေရတာတုန်း "

" ဆီးနှင်းဖြူ ဒီ...ဒီကို ဘယ်လိုရောက်လာတာလဲ"

"ဒီလိုပဲပေါ့"

"စာမေးပွဲနောက်ဆုံးနေ့ကလိုက်ရှာသေးတယ်"

" ဒီလိုပဲပေါ့"

" အိမ်တံခါးလည်း သော့ခတ်ထားတယ်"

" ဒီလိုပဲပေါ့"

" အရမ်းချစ်တယ် ဆီးနှင်းဖြူရယ်.. "

" သိသားပဲ" " ဟင်.. ဘယ်လိုလုပ်သိရတာတုန်း"

" ဟွန်း..သူများပေတံပေါ်မှာ L O V E ဆိုပြီး စာလုံးလေးထွင်းပြီးပေးကတည်းကပေါ့ "

" ဟင် ဒါ..ဒါဆို "

" ဒီလိုပဲပေါ့ "

ပြောပြီး လှစ်ကနဲပြေးထွက်သွားသည်။ ဒီတခါတော့ သူ အပျောက်မခံနိုင်တော့ ။ ကောင်မလေး လက်ကိုဆွဲပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာပေါ် ရှိအနူးညံ့ဆုံး ကဗျာ တစ်ပုဒ်ကို သင်ကြားပေးလိုက်သည်။ သစ်ကိုင်းပေါ်မှ ငှက်နှစ်ကောင်က ခေါင်းချင်းဆိုင်ပြီး ကဗျာစပ်နေပုံရသည်။ အင်းယားရေပြင်ကို နှစ်ဦးသားပြန်ကြည့်လိုက်တော့
ရေပြင်ကြီးက ရှက်နေသည်ထင့် ။ ရွှေအိုရောင်သက်တန့် ကြီးတစ်ခုက ရှက်ပြုံးကြီးပြုံးလို့................ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ဇာတ်သိမ်းပိုင်းထက် တခြားအပိုင်းတွေက ပိုဖတ်လို့ကောင်းတယ်

    ReplyDelete
  2. ဇာတ်သိမ်းလေးလှတယ်...။ Congratulation ပါသက်တန့်....။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  3. အခု မှ ပြန်လာဖတ် ရတယ် ...
    အရှေ့ က ဖတ်ခဲ့တာတောင်
    မနည်း စဉ်းစားလိုက်ရတယ် ...

    ReplyDelete
  4. မနေ့ညက ဖတ်ပြီးသွားပြီ။ ဇာတ်လမ်းလေးကကောင်းတယ်။ နှင်းကတော့ အဲဒီအထဲက ကဗျာလေးတွေကိုပိုကြိုက်တယ်။ စကားမစပ် သက်တံ့က သိုင်းတတ်သလားဟင်။ သိုင်းအကြောင်းတွေ သေချာထည့်ရေးထားလို့မေးကြည့်တာ။

    ReplyDelete
  5. ၀ူးဝူးဝါးဝါး သိုင်းတော့သင်ထားတယ် ။ ရန်ဖြစ်ရင် တွေ့ရာ ဂမူးရှုးထိုးနဲ့ လုပ်တာလေ အဲဒါ ၀ူးဝူးဝါးဝါးသိုင်းပေါ့..အကွက်မလိုဘူး ..သင်တာနဲ့တတ်တယ်း)

    ReplyDelete
  6. ဟုတ်ကဲ့September 26, 2011 at 2:57 AM

    ရှေ့ ကအပိုင်းတွေကို ဘယ်လို ရှာရမလဲ ဟင်
    တစ်ချက်လောက် ကူညီ ကြပါ

    ReplyDelete