Thursday, December 3, 2009

ကြောက်လိုက်ပါဘိ.....အိုတစ္ဆေ ( အပိုင်း ၄ - ဇာတ်သိမ်း)

ကြောက်လိုက်ပါဘိ.....အိုတစ္ဆေ ( အပိုင်း ၄ - ဇာတ်သိမ်း)




ဟူသောစကားသံများအား မပီဝိုးတ၀ါးကြားရသည် ။ ထိုစကားသံများသည် သက်ရှိလူသားများ၏ စကားသံ များလော ။ သို့တည်းမဟုတ် နာနာဘာဝများပင်လော ။ လူများဆိုလျှင်လည်း ဒီလောက်ကြောက်မက်ဖွယ် လျှိုကြီးထဲမှ အိမ်ထဲတွင် နေထိုင်သည်မှာ မဖြစ်နိုင်ပေ ။ ကိုယ့်ဘာသာ တစ်ယောက်တည်း တွေးရင်းကျောချမ်းသွားမိသည် ။ ဟိုကောင်တွေရော အန္တရာယ်က ကင်းပါ့မလား ။ သို့သော် သူတို့က အပေါ်ထပ်မှာ ဆိုတော့ ကြံဖန်ပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်သည် ။ ကိုယ့်မှာတော့ မြေအောက်ထပ်
ထဲ မှာ မှောင်မှောင်မဲမဲတစ်ယောက်တည်း ။ တွေးရင်းအခန်းထဲသို့ ကြည့်မိလိုက်သောအခါမှာတော့........ သူ ရုတ်တရက်ကြက်သေ သေသွားမိသည် ။ မျက်လုံးက ဇကောလောက် ရှိပြီး နီရဲတောက်ပနေသည် ။ ပါးစပ်ထဲမှလည်း အစွယ်ကြီး ၂ချောင်းနှင့် ။ သွေးများက ထို အစွယ်များထံမှ တတောက်တောက်ကျနေသည် ။ အရပ်ကြီးကလည်းလူအရပ်ထက် ၂ ဆခန့်ရှိမည် ။ တစ်ကိုယ်လုံး အမွှေးအမျှင်တွေနှင့် ဖုံးအုပ်နေသည် ။ ကျနော်လည်း မမြင်ဖူးသည့် မြင်ကွင်းကိုကြည့်ရင်း အံ့သြထိတ်လန့်နေမိသည် ။ သရဲထက်ကြီးသော သဘက်ဆိုသည်မှာ ယခုမြင်နေရသော သတ္တ၀ါကြီးအား ဆိုလိုခြင်းလားမသိ ။ ကျနော်သတိပြန်ဝင်လာပြီး ထွက်ပြေးမည်ပြုပြီးမှ တစ်စုံတစ်ခုကို သွား၍ စဉ်းစားမိသည် ။

ထိုသတ္တ၀ါကြီးသည် ကျနော့်ကို စူးစိုက်ကြည့်နေယုံမှအပ ငြိမ်သက်နေခြင်းပင် ။ သူလည်း နဲနဲ ကြောက်စိတ်ပြေလာသည်နှင့် ရှေ့သို့ တဖြည်းဖြည်းတိုး၍ ကပ်သွားမိသည် ။ ထိုအခိုက် " ၀ုန်း " ဆို သတ္တ၀ါကြီး၏ ဦးခေါင်းကြီးသည် ပြတ်ထွက်ကာ အောက်သို့လိမ့်ဆင်းလာခဲ့သည် ။အောင်မငီး....ကျနော်လည်း ထိုအခါမှ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေး ထွက်လာခဲ့သည် ။ အပြင်ရောက်တော့ တံခါးကို အမြန်ဆွဲပိတ် လိုက်သည် ။ အထဲမှဘာသံမှ မကြားရတော့ပေ ။ အပြင်ရောက်တော့ ညှော်နံ့လိုလို အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည် ။ အချိန်ကို ခန့်မှန်းကြည့်ရသည်မှာ ၁ ချက်ထိုးကျော်ကျော်လောက် တော့ရှိမည် ။ ဟိုကောင်တွေနှင့်ပြန်တွေ့ရန် အပေါ်ထပ်တက်သည့်လှေကားကို ပြန်ရှာရဦးမည် ။ အမှောင်ထဲမှာမို့ စမ်းစမ်းပြီး လျောက်လာခဲ့သည် ။ ကွမ်းတယာညက်ခန့်လျောက်ပြီးသည်နှင့် မီးရောင်မှိန်မှိန်ကို စတင်တွေ့လိုက်ရသည် ။ အညှော်နံ့ကလည်း ပို၍ ဆိုးလာခဲ့သည် ။ ရုတ်တရက် ခြေထောက်ကို တစ်စုံတစ်ခုကလာပတ်နေ၍ ကြက်သီးမွှေးညှင်းများပင် ထောင်လာသည် ။ တုတ်တုတ်မျှပင် မလှုပ်ရဲ ။ မရဲတရဲ အောက်ကို ငုံ့ကြည့်လိုကတော့..... အား..လား လား မြွေကြီး တစ်ကောင်ပင်ဖြစ်ဟန်တူသည် ။ မြွေကြီးက ခြေထောက်ကို ရစ်ပတ်ပြီးသည်နှင့် ငြိမ်သက်နေသည် ။ အသက်ပင် ရဲရဲ မရှုဝံ့ပေ ။ ၃ မိနစ်ခန့်ရစ်ပတ်ပြီးသောအခါ ဘေးဖက်သို့ တရွှေ့ရွှေ့တိုး ပြီး ဆင်းသွားလေသည် ။ မျှော့ လိုလို မြွေလိုလို ဘာအကောင်မှန်းတော့ သေချာမသိလိုက်ပေ ။ ချွဲကျိချွဲကျိနှင့် ကလေး တစ်ယောက်ပေါင်လုံးလောက်တော့ အသာလေး ရှိသည် ။ ထိုအကောင်ကြီး ထွက်သွားသည်နှင့် အခန်းနားသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့သည် ။ ခြေသံမကြားအောင်သွားပြီး ချောင်းကြည့်လိုက်သောအခါတွင်..............

ဟိုက် မြင်ကွင်းက မယုံနိုင်စရာပင် ။ နွားလိုလို အကောင်ကြီးကို အလယ်တွင်ထားပြီး အူတွေကို ဒီတိုင်း ဓါးများနှင့် ကလော်ပြီး စားသောက်နေသော လူလိုလို သရဲလိုလို ကောင် ၄ ကောင်ကိုတွေ့လိုက်သည် ။ ဘေးမှာလည်း မီးဖိုကြီးနှင့် ။ ဒါကြောင့်ညှော်နဲ့ထွက်နေတာကို ။ ကိုယ်တောင်ကြည့်ပြီး ပျို့ချင်သလိုပင်ဖြစ်လာသည် ။ ဒီတစ်ခါတော့ သူတို့မသိအောင် တိတ်တိတ်လေး အခန်းကိုကျော်ပြီး ထွက်သွားလိုက်သည် ။ တော်ပါသေးရဲ့ ဘယ်သူမှ မရိပ်မိလို့ ။ ရှေ့သို့ခရီးဆက်လာခဲ့သည် ။ အမှောင်တောထဲ ပြန်ဝင်ရသလိုပင် ။ ခမ်းလှမ်းလှမ်းလျောက်လာပြီးနောက် ကြမ်းပြင်က ခြောက်သွေ့လာသည်ကို သတိထားမိသည် ။ အား တက်လာပြီး ဆက်လျောက်လာရာ မကြာမီပင် အိမ်ကြီး ၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ပေးနိုင်သည် ဟု ပြော၍ ရသော အခန်းကျယ် တစ်ခုထဲသို့ရောက်လာခဲ့သည် ။ ထိုအခန်းထဲတွင် ကုတင်တစ်လုံး မီးမထွန်း ထားပဲနှင့် စာဖတ်၍ ရနိုင်လောက်အောင်ပင် အလင်းရောင်ရလျက်ရှိသည် ။ ကုတင်ဘေးတွင် ခပ်ညစ်ညစ် စာအုပ်တစ်အုပ်ရှိသည် ။ လူမ၀င်တာကြာပြီဖြစ်သည့်အတွက် ဖုန်အလိမ်းလိမ်းတက် ၍ ရှိသည် ။ ကျနော်လည်း နဂိုထဲက စပ်စုတတ်သည့် ညဉ်ရှိသည့်အလျောက် စာအုပ်လေးကို လှန်လှော၍ ဖတ်ကြည့်မိသည် ။ ထိုအခါမှ အိမ်ကြီး၏ လျှို့ဝှက်ချက်အားလုံးကို သိရှိခွင့်ရခဲ့တော့သည် ။ စာအုပ်ကိုဖတ်ပြီးသည်နှင့် ကျနော် တွေဝေမနေတော့ပဲ အခန်းထဲမှ ထွက်ကာ ဆက်၍ လျောက်လာခဲ့သည် ။ ဟော... ကံကြမ္မာက ကိုယ့်ဖက်ပါလာသည်လားမသိ ။ ကျနော်ဆင်းလာခဲ့သည့် လှေကားကို တွေ့လိုက်ရသည် ။ သို့သော် ကံဆိုးသွားသည်က ကျနော့်နောက်တွင် ဘယ်အချိန်ကတည်းက နောက်ယောင်ခံလိုက်လာမှန်းမသိသော အမဲကောင်ကြီးကို ဖျက်၍စားသောက်နေသော ၄ ယောက်က တဖြည်းဖြည်းလှမ်းလာသည်ကိုတွေ့လိုက်ရသည် ။ ဟိုက် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ဟုကိုယ့်ကိုယ်ကို ပြောကာ အသားကုန်ပြေး၍ လှေကားပေါ်သို့ပြေးတက်လာခဲ့သည် ။

သို့သော်ထူးဆန်းသည်က ကျနော်ပြေးသွားသော်လည်း ဟိုလေးကောင်က ပြေးမလိုက်လာပဲ ခပ်နှေးနှေးပင် လိုက်လာသည် ။ ကျနော်လည်း လှေကားပေါ်ရောက်သည်နှင့် ပန်းအိုးထဲသို့ ဘေးဖက်တွင်ကျနေသော ပန်းတစ်ပွင့်ကို ပြန်စိုက်လိုက်သည် ။ ထိုအခါမှ " ဝေါ...ဝေါ " ဟုအသံမြည်ကာ တံခါးကြီးက ပြန်ပိတ်သွားခဲ့သည် ။

အပေါ်ရောက်သောအခါ မှ သူငယ်ချင်းလေးယောက်စလုံးက ဘာမှမဖြစ်ပဲ သူ့ကို စောင့်နေသည် ကိုတွေ့လိုက်ရသည် ။ ဟူးတော်ပါသေးရဲ့ ။

(ချိုကြီးရာ ကြာလိုက်တာကွာ တော်ပါသေးရဲ့ ငါတို့အားလုံးကမင်းတစ်ခုခုဖြစ်ပြီးမှတ်လို့ )
(တစ်ခုခု ဖြစ်တော့မလို့ပဲကွ နဲနဲပဲလိုတယ် ငါဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရပြီ)
ဟု ဂုဏ်ယူဝင့်ကြွားဟန်နှင့်ပြောလိုက်ရာ
(အောင်မာ သကောင့်သားက ပျော်နေပုံရတယ် ဒီအိမ်ကြီး ထဲက ပြန်ထွက်နိုင်အောင်လုပ်ရဦးမယ် သိပ်ပျော် မနေနဲ့ဦး)
(ဟဟဟ လျှို့ဝှက်ချက်အားလုံး သိလိုက်ပါပြီဆို ဘာတွေကြောက်နေတာလဲကွ ကဲသွားကြမယ် လာ )

ဟုဆိုပြီး ကျနော်ဦးဆောင်၍ အိမ်ကြီး၏ နံပါတ် ၄ မြောက်တံခါးကို ဖွင့်ပြီးဝင်ခဲ့ကြတော့သည် ။

ဝင်ဝင်ခြင်းဆီးကြိုနေသည်က အခန်းတစ်ခုမဟုတ်ပဲ ရေညှိများတက်နေသော တောလမ်းလေးတစ်ခုပင် ။ ဟိုကောင်တွေကတော့ ဘယ့်နှယ့်အိမ်ထဲမှာ တောလမ်းရောက်နေပါလိမ့်ဟုဆိုပြီး အံ့သြနေဟန်ပင် ။ ကျနော်လည်း ဘာမှ မပြောတော့ပဲ ဆက်၍ လျောက်လာခဲ့သည် ။ ၁၀ ပေလောက်လျောက်ပြီးသည်နှင့် လက်သီးဆုပ်လောက် ရှိသော ပင့်ကူများက ဆီး၍ ကြိုနေပြန်သည် ။

(ဟေ့ကောင်တွေ ရော ဒီဆီလေးကို လိမ်းထားကြ ခြေထောက်တွေမှာ အဲဒါ အသားစား ပင့်ကူတွေကွ လူမနေလို့ ဒီမှာ ဒီကောင်တွေ ကြီးချင်သလောက်ကြီးနေတာ )

ဟုဆိုပြီး ကျနော် စာအုပ်ဖတ်သော အခန်းထဲမှ ယူလာခဲ့သော ပုလင်းလေးအားပေးလိုက်သည် ။ အံ့သြဖွယ်ရာပင် ထို အဆီ အနံ့ရသည်နှင့် ပင့်ကူအားလုံးဘေးသို့ ရှဲသွားလေသည် ။ ဆက်၍ ပင့်ကူများကို လွန်မြောက်အောင်လျောက်လာခဲ့သည် ။ ရှေ့မြေကွက်လပ်သို့ေ၇ာက်သောအခါ

(ဟေ့ကောင်တွေ ငါ့နောက်ကပဲတည့်တည့်လိုက်နော် ဘေးကို မထွက်စေနဲ့ အဲဒီမြေကွက်လပ်က ထောင်ချောက်တွေပဲ )

ဟုဆိုပြီး ဘေးဖက် မြက်ပင်တွေပေါ်မှ ကပ်၍ လျောက်လာခဲ့သည် ။ ဟိုကောင်တွေကတော့ မြေကြီး အလွတ်ကြီးပေါ်မှ မလျောက်ပဲ မြက်ပင်များပေါ်မှလျောက်နေသည့် ကျနော့်ကို ကြည့်ပြီး အံ့သြနေကြသည် ။ ဆက်လက်၍ တစ်မိုင်ခန့်ခရီးပေါက်ပြီးသည်နှင့် အာရုံပင်ပျိုးစပြုနေသည် ။ ရုတ်တရက်လမ်းဟူ၍ မတွေ့တော့ပဲ ကျောက်ဖျာကြီးတစ်ချပ် ကို တွေ့လိုက်ကြရသည် ။ ကျောက်ဖျာကြီး ၏ ဘေးဖက်တွင် ခဲလုံး ၁၀ လုံးကို အပေါက် ၁၀ ပေါက်တွင် အန်ဝင်ခွင်ကျထည့်ထားသည်ကို တွေ့လိုက်ရသည် ။ အဲဒါမှ ဒွတ်ခ ကိုယ်က စာကို အမြန်ဖတ်လာခဲ့၍ ထိုလျှို့ဝှက်ချက်ကို ကျော်ပြီးဖတ်လာခဲ့သည် ။ ခဲလုံးများကို တစ်ခုပြီးတစ်ခု ထုတ်ကြည့်သည် ။ တုတ်တုတ်မျှ ပင် မလှုပ်ပေ ။

ရုတ်တရက် ဦးနှောက်က တစ်စုံတစ်ခုကိုစဉ်းစားလိုက်မိသည် ။ ကြုံခဲ့ရသည့် တစ်လျောက်လုံး အမဲစားသတ္တ၀ါ ၄ ကောင် ၄ ခါ သူငယ်ချင်းကလည်း ၄ ယောက် ဒါဆို ကျောက်တုံး ၄ တုံးဖယ်ကြည့်ရအောင် ။ ဖယ်လိုက်သောအခါမှ ကျောက်ဖျာကြီးက ဝေါကနဲပွင့်သွားခဲ့သည် ။ အောင်မလေး ၀မ်းသာလိုက်သည့်ဖြစ်ချင်း ဆက်၍ လျောက်လာခဲ့ရာ ဟိုက် ဒါ ရွာဦးကျောင်းဆရာတော်၇ဲ့ နောက်ဖေးဝင်းထဲရောက်လာပါလား ။ ခြုံများကို တိုးထွက်လာရခြင်းပင်ဖြစ်သည် ။ ကျနော်တို့ငါးယောက်လည်း တိတ်တိတ်လေး ဆရာတော် ဆွမ်းစား ကျောင်းဆောင်ထဲသို့ ၀င်လာခဲ့တော့သည် ။.

ကျောင်းဆောင်ထဲရောက်တော့ ဗိုက်ဆာဆာနှင့် ဟင်းပေါင်းများကိုပင် ငါးယောက်သား ပြိုင်တူတီးလိုက်ကြသည် ။ မတတ်နိုင် တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေကြသည် ။ ကျနော်က အဆိုးဆုံး ။ မနက်စောစော ချောင်းထဲရေဆင်းချိုးပြီး ပြန်ရမည် ။ ထွေးညိုက သည်းမခံနိုင်တော့သည့်ထင်

(ဟဲ့ချိုကြီး နင်သိလာတဲ့ လျှို့ဝှက်ချက်ဆိုတာဘာလဲ ပြောပြလေ)
(အေးပါဟ ငါကလည်းနင်တို့ မမေးသေးလို့ မပြောသေးတာ ဒီလို ဟ အဲဒီအိမ်ကြီးက ကိုလိုနီခောတ်ထဲကရှိတာ အရင်က သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်ပြီး အသေသတ်ခဲ့တဲ့နေရာပေါ့ဟာ ။ ခေတ်ကြာလာတော့ လူတွေတဆင့်ပြီးတဆင့်နဲ့ နောက်တော့ သေခဲ့တဲ့ဝိညဉ်တွေက ခြောက်တယ်ဆိုပြီး ဘယ်သူမှ မနေကြတော့တာ ။ နောက်ပိုင်း ကုလားဖြူတစ်ဦးက ၀ယ်ပြီး နွားသတ်ရုံလုပ်လိုက်တယ်ဟ ။ နွားသတ်သမားတွေလည်း သရဲအရမ်းခြောက်တဲ့အတွက် ဘယ်သူမှ အလုပ်မလုပ်နိုင်တော့ပဲ ပြန်ပြေးကြရတယ်ဟ ။ အခုထိလည်း အဲဒီအိမ်ကြီးက ခြောက်တုန်း ။ လူတော့မနေတော့ဘူးပေါ့ဟာ ။ ဒါပေမယ့် ငါတို့ရွာမှာ နွားတွေ ခဏပြီးခဏ ပျောက်ပျောက်နေတာနင်သိတယ်မဟုတ်လား ။ ငါတော့ အဲဒီအိမ်ကြီးနဲ့ ပါတ်သတ်နေမယ်ထင်တယ်ဟ ။ ပြီးတော့ အိမ်ကြီးက ၀င်္ကပါ အိမ်ကြီးဟ ။ မသွားတတ်ရင် သေမယ့်နေရာကြီးပဲ နေရာတိုင်းထောင်ချောက်တွေနဲ့ ။ အခုနောက်ပိုင်း လူတွေတစ်ယောက်မှ မနေကြတော့ဘူး လို့တော့ရေးထားတယ်ဟ ။ ငါတော့ မနက်လူကြီးတွေကိုပြောပြီး လူများများနဲ့ အဲဒီအိမ်ကြီးကို သွားမွှေချင်တယ်ကွာ)
(အင်းလုပ်ပြန်ပြီ ကြွကြွ နင့်ဘာသာလိုက်သွား ငါတို့တော့မလိုက်တော့ဘူး )
(အေးပါ ငါလည်းမလိုက်တော့ပါဘူး ဟီး)

ဒီလိုနဲ့ မနက်မိုးလင်းတော့ ချောင်းထဲရေချိုးပြီး အိမ်သို့ပြန်လာခဲ့ကြသည် ။ အိမ်မှမေးတော့ ရွာဦး ကျောင်းဆရာတော်ထံတွင် အိပ်သည်ဟု ပြောလိုက်သည် ။ တော်ပါသေးရဲ့ လွယ်လွယ်နဲ့ ယုံပြီးလိုက်မစစ်ပေလို့ ။ အပြင်မှ သတင်းကြားလာသလိုလိုနဲ့ အိမ်ကြီးအကြောင်းကို ပြောပြလိုက်သည်။ ရွာမှလူကြီးများကလည်း ဖြစ်နိုင်သည်ဟုဆိုကာ အယောက် ငါးဆယ်လောက် အိမ်ကြီးဆီသို့ချီတက်သွားကြလေသည် ။ ကျနော်က လမ်းတော့ညွန်ပေးလိုက်ရတာပေါ့လေ ။ အပြင်မှကြားထားသလိုလိုနဲ့ပါ ။ သူတို့ကလည်း အိမ်ကြီး အ ကြောင်းကို သိသာသိသည် ။ အတိအကျတော့ ဘယ်သူမှမသိကြပေ ။

သူတို့သွားပြီး ပြန်လာခဲ့သောအခါ နွားခိုးသမားများ ကျက်စားနေသော အိမ်ကြီးဟု သိရသည်။ ဒါဆိုရင် လူသူမကပ်နိုင်အောင် နွားခိုး သမားများ ကခြောက်လှန့်ပေခြင်းပေလော ။ နွားခိုးသမားများ ကတော့ထွက်ပြေးသွားသည်ဟု ဆိုသည် ။ စုစုပေါင်း ၃ ယောက်ဟုဆိုသည် ။ နွားဖျက်ထားသော အရာများ သက်သေများကိုလည်းတွေ့ရသည် ဆိုသည်။ ယခုအခါ သက်ဆိုင်ရာများအကူအညီနှင့် အိမ်ကြီးကိုရှင်းလင်း သိမ်းဆည်းထားပြီးဟုသိရသည် ။ သို့သော် မည်သူမျှ မသိလိုက်သော အရာများမှာကား ......... ကျနော်မြေအောက်ခန်းထဲမှ အတွေ့အကြုံများနှင့် လူလိုလို သတ္တ၀ါလိုလိုအကောင် ၄ ယောက်အကြောင်း ပင်ဖြစ်ပေတော့သည် ။.....

(မှတ်ချက် ။ ။ တစ်ချိန်က ရွာတစ်ရွာတွင် နွားခိုးဂိုဏ်းနှင့် သရဲခြောက်သောအိမ်ကြီးအကြောင်းကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော လူငယ်တစ်ဦးအနေဖြင့်ရေးသားပါသည် ။ ထိုအိမ်ကြီးမှာ ယခုအခါမှာ တောမီးလောင်သဖြင့်ပျက်ဆီးသွားပြီဖြစ်သည် ။ ထိုနွားခိုးဂိုဏ်းဆိုသည်မှာလည်း နောက်ပိုင်း အစအန ပျောက်သွားလေသည် ။ အကယ်၍ နွားခိုးသူများမဟုတ်ခဲ့လျှင် ထိုနွားများသည် အဘယ့်ကြောင့် ထိုအိမ်ကြီးထဲတွင်သွား၍ သေနေကြသနည်း ။ ကွင်းဆက်ပေါင်းများစွာပြတ်လျက်ရှိသည် ။ ကျနော်တို့ အိမ်ကြီးထဲစ၀င်တုန်းက တွေ့ခဲ့ရသောနွားသေကောင်ကြီးမှာ ဘာကြောင့်နည်း ။ ရွာလူကြီးများသွားရှာသောအခါ မြေအောက်ခန်းကိုလည်း ရှာမတွေ့ဟုဆိုသည် ။ ထိုအခါ ကျနော်ကြုံတွေ့ခဲ့သော အရာများသည် ............)

စာရေးသူ......သက်တန့်ချို (၄း၀၀ မနက် ၃..၁၂.၀၉)

(ဇာတ်လမ်းရေးနေရင်း ပုပ်စော်နံ့များ ရေမွှေးနံ့များနှင့် နှောင့်ယှက်မှုများရှိလာ၍ မြန်မြန်အဆုံး သတ်လိုက်ပါသည် ။ အင်းနော့ သူတို့အကြောင်းရေးနေတော့လည်း.......................)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

17 comments:

  1. ဒါသယ်ရင်းတကယ်ကြုံတွေ့ခဲ့ရတာလား။ ကြောက်စရာကြီး..........

    ReplyDelete
  2. ငါလည်း ဖတ်ရင်းနဲ့ ကြက်သားကြော်နံ့ တွေရလာလို့ စားဖိုဆောင်ပြေးလိုက်အုံးမယ်နော်......။. :D

    ReplyDelete
  3. အစကနေ အခုအဆုံးအထိ ဖတ်ပြီးမှ ကွန်မန့်ရေးခဲ့တယ်နော်။ ကြောက်စရာ မောင်လေးရယ် ... ရှာရှာဖွေဇွေ တွေ့လည်းတွေ့တတ်တယ်။ နွားခိုးဂိုဏ်းက လူတွေမလာအောင် ခြောက်လှန့်ထားတာ ဖြစ်နိုင်သလို ဟိုး တုန်းက သုံ့ပန့်တွေသတ်တဲ့နေရာဆိုတော့ မကောင်းဆိုးရွားတွေ ရှိရင်လည်း ရှိနိုင်တာပဲလေ.. ဒီလိုကိစ္စတွေက မယုံလည်းခက် ယုံလည်းခက်ပေါ့။ ကိုယ်တွေ့ဆိုတော့ ပိုသေချာမှတ်မိနေမှာပေါ့နော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. ခုမှ အစ အဆုံး ဖတ်လိုက်တယ်.. သရဲကား ရိုက်လို့ ရတဲ့ ဇာတ်လမ်းလေးပဲ :)

    ReplyDelete
  5. အောင်မလေး
    အသည်းယားလိုက်တာနော်
    တကယ်တွေ့တာလား ?????
    စိတ်ကူးယဉ်တာလား ?????

    ReplyDelete
  6. ၃ နဲ့ ၄ ပေါင်းဖတ်လိုက်တယ်
    အင်း တွေးသွားတယ် တွေးတယ်ဆိုတာ လောကမှာမဖြစ်နိုင်တာ မရှိဘူးလေ ဒါကြောင့် ပရလောကသားတွေကိုလဲယုံတယ် အရမ်းလဲ စိတ်ဝင်စားတယ် အမှန်အတိုင်းဝန်ခံလိုက်မယ် ဖတ်ပြီးအဆုံးမှာ ကြက်သီးထ သွားပါကြောင်းးးးးးဟောင်းးးးဟောင်းးးးးးးးးးးးးးးးး

    ReplyDelete
  7. တကယ်ပြောတာလား အနံ့တွေနဲ့ လာနှောင့်ယှက်တယ်ဆိုတာ...
    ဆရာဝန်မှန်ရင် သရဲပြီးတယ်တဲ့...
    ဆရာဝန်ကို သရဲခြောက်ဘူးဆို ဟုတ်လား ကိုသက်တန့်...

    နှင်း

    ReplyDelete
  8. ဖတ်ပြီး ညအိပ်မပျော်တော့ဘူး

    ReplyDelete
  9. ထူးထူးဆန်းဆန်း ၊ ကြုံတတ်ပလေ ...
    စိတ်ဝင်စားဖို့ ကောင်းသား ။
    တော မီးလောင်သွားတာ နှမြောစရာ နော် ။
    နို့ မို့ ဆို ပြတိုက်လုပ် ပြီး ငှားစားလို့ ရနိုင်တယ် ..
    ( သဲထိတ်ရင်ဖို ရုပ်ရှင် ရိုက်လို့ လည်း ရ နိုင်တယ်... ) ။

    ReplyDelete
  10. အာ ဆရာဝန်လည်း ဘာသားနဲ့ထုထားတာမှတ်လို့ အခြောက်ခံရတာပေါ့လေ နောက်မှ ဆရာဝန်ဘ၀ အသရဲအခြောက်ခံရတဲ့အကြောင်း ရေးပေးမယ် ကျနော်နှင့် ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၅) ပေါ့..

    ReplyDelete
  11. နွေးနေခြည်December 4, 2009 at 10:04 AM

    အမလေးးးး
    နောက်ဆုံးတကြောင်းနဲ့ ထပ်ခြောက်သွားသေးတယ်။
    ရေမွှေးနံရရင် သရဲမချောချောလေးပဲနေမှား)

    ReplyDelete
  12. သက်တန့်ရေ...သယ်ရင်း ကြောက်လိုက်တာဟာ....
    စိတ်ဝင်စားဖို့လည်း အရမ်းကောင်းပါ့ .... ရေးတက်လိုက်တာ သယ်ရင်းကး)
    ပြီးသွားမှာတောင်ကြောက်တယ် .... ဆက်ရေးဦးလေဟာ ...။

    ReplyDelete
  13. အမယ်ရေး.. ဒေါက်တာသက်ရယ်... ဇကော်လောက်ရှိတဲ့ မျက်စိကြီးနဲ့ ပြုတ်ကျသွားတဲ့ ခေါင်းကြီးက ရော... တကယ်ပဲလားဟင်.....

    သူတို့ကလဲ ကြောက်တဲ့သူမှခြောက်မယ် ဆိုပြီး... စဉ်းစာနေတဲ့ပုံပဲနော်... ဟီးဟီး

    ReplyDelete
  14. အဟင့် ကြောက်ပါတယ်ဆို ညဘက်ကြီးလာဖတ်မိနေတယ်.. နေ့အိပ်မက်တော့ သေတော့မှာပဲ အရင်ကခြောက်ခံခဲ့ရဖူးတာ ပြန်သတိရသွားပြီ ဘုရား ဘုရား

    ReplyDelete
  15. မအားတာနဲ့
    အခုမှ ဇာတ်သိမ်းပိုင်း လာဖတ်ရတာ
    ရှေ့ပိုင်းဖတ်ခဲ့ရတာတွေတောင်
    memory တော်တော် ပြန်ခေါ်လိုက်ရတယ် ..
    ပထမတော့
    ကြောက်တော့ ကောင်းသလိုပဲ ..
    အခု ဇာတ်သိမ်းပိုင်း ဖတ်တာ
    မကြောက်တော့ သလိုပဲ ...
    ဆက်မဖတ်တာ ရက်နဲနဲ ခြားသွားလို့
    ဖြစ်ပါလိမ့်မယ် ...

    ReplyDelete
  16. ကြောစရသိပ်မကောင်း ပါဘူး။

    ReplyDelete