Saturday, May 29, 2010

အချစ်နှင့်သူ၏အကြောင်း (အပိုင်း၂)

အချစ်နှင့်သူ၏အကြောင်း (အပိုင်း၂)


ဘာလိုလိုနဲ့ ၇ တန်းကျောင်းသားဘ၀ကို ရောက်ရှိလာပါပြီ ။ မနှစ်တုန်းက အသည်းကွဲဖူးတယ်ဆိုတော့ လူက ငြိမ်ချက်သားကောင်းနေပါတယ် ။ စမတ်ကျကျနဲ့ ရှိုးနဲ့မိုးနဲ့သွားတတ်လာတတ်နေပြီ ။ ကဗျာစာအုပ်လေးကတော့ သိမ်းထားဆဲပေါ့ ။ အခု ဆို ကဗျာတိုလေးတွေတောင် ရေးနေပြီ ။ ကာရံနဲ့ မော်ဒန် .. မော်ဒန်ဖက်ကို ပါသွားတယ် ။ မော်ဒန်က လွပ်လပ်တယ်လို့လည်းထင်တယ် ။ ပြောချင်တဲ့အကြောင်းအရာကို ကွေ့ဝိုက်စရာမလိုဘူး ။ ဒဲ့ ပြောလို့ ရတယ်လို့ထင်တယ် ။ အဲဒီနှစ်မှာပဲ ကျွန်တော်တို့အတန်းကို ငြိမ်းငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းပြောင်းလာပါတယ် ။ အတော်လည်း ချမ်းသာပုံရပါတယ် ။ ကျောင်းကို အပို့အကြိုနဲ့ ကိုယ်ပိုင်ကားနဲ့ ကျောင်းတတ်တယ်ဆိုပါဆို့ ။ အမှန်တော့ ၇ တန်းကျောင်းသားချင်းယှဉ်ရင် ကျွန်တော်တို့အဖွဲ့ကိုက ထွားနေတာ ။ လူကောင်ပြောတာနော် ။ သူများတွေ ကလေးစိတ်မပျောက်သေးပဲ လမ်းမပေါ် ဘောလုံးကန်ကောင်းနေချိန်မှာ ကျွန်တော်တို့အဖွဲ့က လမ်းဘေးအုတ်ခုံမှာ ဂစ်တာတီးရင်း ကောင်မလေးတွေကို ကြည့်တတ်နေပြီဆိုပါစို့ ။ ကျွန်တော်တို့အဖွဲ့ဆိုတာက ကျွန်တော်ရယ် ၊ နိုင်ဝင်းရယ် ၊ ကုလားရယ် ၊ ထက်အောင်ဆိုတဲ့ မင်းသားလိုလို ကောင် ရယ်ပေါ့ ။ သူတို့အကြောင်းတွေကို နောက်မှပြောပြဦးမယ် ။

ငြိမ်းငြိမ်းက စာတော်တယ် ။ ဒါပေမယ့် သင်္ချာတစ်ခုမှာတော့ သူမတူအောင်ညံ့တယ် ။ အဲဒီငြိမ်းငြိမ်းကလည်း ကျွန်တော်တို့နဲ့ ရွယ်တူ လှတပတလေးဗျ ။ အိနြေ္ဒကြီး တခွဲသားနဲ့ ဆိုပါတော့ဗျာ ။ ဒီလိုနဲ့ ကောင်မလေး ချောချောမြင်ရင် ခင်ချင်တတ်တဲ့စိတ်ကြောင့် ငြိမ်းငြိမ်းနဲ့ ခင်မင်ခွင့်ရအောင် အကြံထုတ်ရပါတော့တယ် ။ ဒီလိုနဲ့ မိုးတွေ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရာသီရဲ့ နေ့တစ်နေ့မှာပေါ့ဗျာ ။ ဆရာမကလည်း မိုးရွာတာကို အကြောင်း ပြုပြီး အဲဒီနေ့က နောက်ကျနေပါတယ် ။ ဒါနဲ့ ဆရာမ မလာသေးတော့ ကျွန်တော်တို့ အဖွဲ့လည်း ကော်ရစ်တာ ကိုထွက်ပြီး ယောင်လည် ယောင်လည်ရပ်နေတာပေါ့ ။ အဲဒီမှာ ဥာဏ်ကြီးရှင် နိုင်ဝင်းက ကျွန်တော့်ကိုအ ကြံပေးတယ် ။ ကျွန်တော်လည်း သူ့အကြံကို နားထောင်ပြီးတော့ ဟေ့ကောင်ဖြစ်ပါ့မလားပေါ့ ။

ဒီတော့ နိုင်ဝင်းက ယောင်္ကျားပဲကွာ သေတစ်နေ့ မွေးတစ်နေ့ပေါ့တဲ့ ။ ဒီကကောင်ကလည်း မြှောက်ပေးရင် တာ ၀တိံ သာထိ တက်ချင်တဲ့ကောင်ဆိုတော့ ဒီကောင်ပေးတဲ့အကြံအတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပထမဆုံး ဒီကောင် ၃ကောင်က ဆရာမ အခြေအနေနဲ့ အတန်းထဲက လူလစ်မလစ် စောင့်ကြည့်ပေးပါတယ် ။ ကျွန်တော် လည်း ရင်ခုန်ခုန်နဲ့ မိန်းကလေးဖိနပ် လေးတွေ စီထားတဲ့ဖက်ကို ကပ်သွားပါတယ် ။ ဟော... တွေ့ပါပြီ ငြိမ်းငြိမ်းရဲ့ ဖိနပ်လေး ။ ဖက်ဖူးရောင် အစိမ်းနုလေး ။ ကျွန်တော်လည်း ဖျက်ကနဲ ထိုင်ချလိုက်ပြီး ငြိမ်းငြိမ်းရဲ့ ဖိနပ် သဲကြိုး လေးကို အသင့်ပါလာတဲ့ ခဲတံချွန်တဲ့ဓါးနဲ့ မပြတ်တပြတ်လေး လှီးလိုက်ပါတယ် ။ ပြီးတော့ ဟန်မပျက် ပြန်လာပြီး တစ်ဖွဲ့လုံး အခန်းထဲဝင် ဆရာမလည်းရောက် အားလုံးကွက်တိပဲ ။

ဒီလိုနဲ့ မုန့်စားကျောင်းဆင်းချိန် ရောက်လာရော ။ ငြိမ်းငြိမ်းက အပြင်ထွက်လေ့မရှိဘူး ။ ပြီးတော့ သူက တစ် ယောက် တည်းသီးသန့်နေတာ များတယ် ။ မုန့်စားချိန်ဆို သူ့အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းဘူး လှလှလေး ထဲက ထမင်းကို တစ်လုပ် နှစ်လုပ် လောက်သာစားပြီး မုန့်တွေထိုင်စားနေတာများပါတယ် ။ ကဲ.. ဒီလိုနဲ့ ကျောင်းဆင်းချိန်ရောက်လာရော ဆိုပါတော့ဗျာ ။ ကျွန်တော်တို့အဖွဲ့ကတော့ နောက်ကနေ ယောင်လည် လည်နဲ့ပေါ့ ။ ထင်တဲ့အတိုင်းပဲ ကျောင်းအပြင်လည်း ရောက်ရော သူ့ဖိနပ်က ပြတ်သွားပါလေရော ။ ကိုယ်တွေ ကလည် ဒီယုန်မလေး မြင်လို့ ဒီခြုံလေးထွင်ထားတာဆိုတော့ အနားကို သွားပြီး

" ငြိမ်းငြိမ်း ဘာဖြစ်တာလည်း ဘာညီကူရမလည်း ဖိနပ်ပြတ်သွားတာလား "

လို့မေးလိုက်ပါတယ် ။ ပထမတော့ ငြိမ်းငြိမ်းက ကျွန်တော့်ကို တအံ့တသြနဲ့ မော့ကြည့်တယ် ။ ဟုတ်တယ်လေ အခုပဲ ဖိနပ်ပြတ် အခုပဲ အကူအညီပေးမယ့် သူက ရောက်လာတာကိုး ။ မိနစ်တောင်မခြားဘူး ဟီးဟီး ။

ဒါနဲ့ ငြိမ်းငြိမ်းက

" ဟင်.. နင်က ဘယ်သူလည်း "

" ဟင် ငါ့ကို မသိဘူးလား နင်နဲ့ တစ်ခန်းတည်းလေ သက်တန့်တဲ့ မှတ်ထား "

" မသိဘူး "

" ဟေ ကောင်းရော ကဲကဲ ထားပါတော့ အခု ဘာအကူအညီပေးရမလည်း "

" ဘယ်သူက အကူအညီတောင်းနေလို့လည်း "

" ဟေ "

တစ်ခွန်းပဲ ပြန်ပြောနိုင်ပြီး ဒီကောင်မလေး မလွယ်ပါလားဆိုပြီး စိတ်ထဲက တွေးလိုက်မိတယ် ။ ဒါပေမယ့် ဘာရ မလည်း သက်တန့်ပဲဟာ ။

" အာ.. နင်ကလည်း တစ်တန်းတည်း သားချင်းဟာ မရှက်ပါနဲ့ ဟ ပြောပါ ဘာလုပ်ပေးရမလည်း "

" ဒီမှာ ဖိနပ်ပြတ်သွားတာမမြင်ဘူးလား ဟွန်း"

" အော်..အေးပါ ကဲကဲ ပေးပေး ငါ့မှာချိတ်ပါတယ် ငါပြင်ပေးမယ် "

ဆိုပြီး ပြောပြောဆိုဆို ထိုင်လိုက်ပါတယ် ။

" ဟဲ့ဟဲ့ ..အို .. ငရဲတွေကြီးကုန်တော့မှာပဲ "

ဆိုပြီး သူမရဲ့ မျက်နှာမှာ ပန်းနုရောင်လေး သန်းသွားတာကို ဒီနေ့ထိ ပြန်မြင်ယောင်လိုက်တိုင်း ကဗျာ တစ်ပုဒ်ထွက်ပါတယ် ။ (ပိုင်သကွာ... ) ဒီလိုနဲ့ ကျွန်တော့်ရဲ့ အချုပ်အလုပ် လုပ်ငန်းပြီးသွားလို့ သူမကို ကြည့် လိုက်တဲ့အခါ ကျွန်တော့်ကို ငေးပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ အဲဒီအကြည့်တစ်ချက်မှာ ဒီကောင် ပါသွားတယ် ထင်တာပါပဲ ။ ( ၇ တန်းကျောင်းသား နှလုံးသားနဲ့ပေါ့ )

" သက်တန့် .. နင့်ဖိနပ်ချွတ်ပေး "

" ဟေ.. ဟမ် "

" အာ.. ချွတ်ပေးဆို .."

" ဟင် "

" ကြည့် "

" အော်.. အေးအေး ... ဒီ.. ဒီဖိနပ်က "

" နင်ယူသွား ငါက ပြတ်သွားတဲ့ ဖိနပ်ကို ပြန်စီးလေ့မရှိဘူး "

(သေစမ်းဟ စောစောစီးစီးပြောပါတော့လား ) စိတ်ထဲကနေ တွေးလိုက်တာနော် ။

" အော်.. ဒါ..ဒါဆို .ငါ..ငါကဘာလုပ် "

" လုပ်ချင်တာလုပ် နင့်ဖိနပ် နက်ဖြန်ပြန်ပေးမယ်"

ဆိုပြီး ကော့ကော့ ကော့ကော့နဲ့ထွက်သွားပါလေရော ။ ကျွန်တော့်မှာသာ မိုးရေထဲ ဖိနပ်ကြီးကိုင်လို့ ။ ကျောင်း သား တွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ။ ( မှတ်ထား သူရဲကောင်းလုပ်ချင်ဦး )

ဒါနဲ့သူ့ဖိနပ်လေး အိမ်ယူလာပြီး ဖိနပ်ချွတ်မှာ ထားလိုက်တယ် ။(အခုတော့ ဘယ်ရောက်သွားပြီလည်းမသိပါဘူး ) အဲဒီဖြစ်ရပ်လေးက စတင်ပြီး ငြိမ်းငြိမ်းနဲ့ ကျွန်တော်နဲ့ ရင်းနှီးသွားတယ်ဆိုပါတော့ ။ သူမနားမလည်တဲ့ သင်္ချာကို ကျွန်တော်က ပိုင်တော့ ကျွန်တော်တို့က တပူးတွဲတွဲဖြစ်နေတာပေါ့ ။ ဒါနဲ့ အတိုချုပ်ပြောရရင် ၇ တန်း အတန်း တင်ဖြေခါနီးမှာ ငြိမ်းငြိမ်းကို ကျွန်တော် ရည်းစားစကားပြောပါတယ် ။ ငြိမ်းငြိမ်းက ရှက်ပြုံးလေးပြုံး နားထောင်ပြီး တို့တွေ ငယ်ပါသေးတယ်တဲ့ ဆယ်တန်း အောင်စာရင်းထွက်ရင် နင့်ကို အဖြေပေးမယ် သက်တန့်တဲ့... ။

အဲဒီမှာပဲ ဂြိုလ်ဝင်တာလား ဘာလားမသိပါဘူး ။ ၇ တန်း အတန်းတင်လည်းပြီးရော သူ့အဖေအလုပ်ကိစ္စနဲ့ နယ်ပြောင်းရပါလေရော ။ မော်လမြိုင်ဆိုလား ဘာလား ။ ကိုယ့်မှာသာ ဆန့်တငန့်ငန့်နဲ့ ။ အခုပဲ ကိုယ်ပဲ ဘွဲ့ရလို့ အလုပ်တောင်လုပ်နေပြီ ။ ငြိမ်းငြိမ်းလည်း ဘယ်ရောက်နေမှန်းမသိတော့ပါဘူး ။ အဆက်အသွယ်ကို လုံးဝ မရ တော့တာ ။ ဟဲဟဲ.. ဒါပေမယ့် သက်တန့်ပဲလေ ။ မူလတန်းကတည်းက အတူတက်လာတဲ့ ယမင်းဆိုတဲ့ မဲတူးတူး လေးက အခုဆို ၈ တန်းအစမှာ အလုံးနဲ့ အထည်နဲ့ မျက်စိကျသွားတယ်ဆိုပါတော့ ။ ထားလိုက်ပါ အဲဒီအ ကြောင်းနောက်မှဆက်ပြောပြမယ် ။ အခုတော့.....

ငြိမ်းငြိမ်းရေ.. နင့်ကို အထက ကျောင်းလေးတစ်ကျောင်းမှာ ၇ တန်းကျောင်းသားဘ၀က ဖိနပ်လေး ချုပ်ပေးခဲ့တဲ့ သက်တန့်တစ်ယောက် အခုဆို သက်တန့်ချို ဆိုတဲ့နာမည်နဲ့ ကဗျာတွေ စာတွေရေးနေလေရဲ့ ။
( ပြောမယ့်သာပြောရတာ သူကအခုလောက်ဆို အိမ်ထောင်တွေဘာတွေကျပြီး သားသားမီးမီးတွေတောင် ရ နေပြီ လား မသိး))

သက်တန့်ချို
29 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. အပိုင်း(၃) မှာ ဘာဆက်ဖြစ်မလဲ ...
    စောင့် မျှော်နေမယ်နော် . . .
    စကားမဆက် ... ငြိမ်းငြိမ်းဆိုတော့ 
    ညီမလေးနာမည်နဲ့ တူနေတယ် ... ခိခိ ;P

    ReplyDelete
  2. ဪ.....အချစ်အမှတ်အသား..ဖိနပ်ပြတ်တရံ ထားခဲ့တာကိုး.....
    ရှင်က ထွားတော့ ကျမလဲ လန့်သွားလို့ အဆက်အသွယ်မလုပ်ရဲတာထင်ပါရဲ့..

    ReplyDelete
  3. ကိုသက်တန့်က ဖိနပ်ပြတ်တဲ့ဇာတ်လေးထွင်သကိုး ခံရတာပေါ့။ သံယောဇဉ် ၉ တုန်းကတော့ ဖိနပ်အဖွက်ခံရလို့ ခြေဗလာနဲ့ ပြန်ရသတဲ့.. သူရဲကောင်းက ကြောက်ချေးပါပြီး မထွက်ရဲဘူးလေ.... ခိခိ:P ပန်းခင်းလေးလို လိုက်ရယ်တာ.... ဆက်မဲ့အပိုင်းကို မျှော်နေပါတယ်။

    ReplyDelete
  4. ရင် ခုန် သံ ချစ် ခြင်း အ စ ထို ဖိ နပ် ပြတ် တာ လေး က စ ခဲ့ တာ လား ဆရာ ရေ.....


    ဆက် လက် ၍ နောက် ဇာတ် သိမ်း ပိုင်း လေး များ အ ထိ ပျော် ရွှင် ချမ်း မြေ့ စွာ ရေး သား နိုင် ပါ စေ....

    with reps;

    ReplyDelete
  5. ဟုတ်ကဲ့September 26, 2011 at 2:23 AM

    အပိုင်း ၁ တို့ ဘာတို့က ဘယ်လိုရှာတာလဲ ဟင်

    ReplyDelete
  6. ဟုတ်ကဲ့September 26, 2011 at 2:42 AM

    အပိုင်းတွေက ဘယ် လိုရှာရတာလဲ ဟင်

    ReplyDelete
  7. Hote pa,
    How can i search?????

    ReplyDelete
  8. အကို့တင်တဲ့ စာတွေအားလုံးဖတ်ဖြစ်တယ်.ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ ကိုပိုပြီး သဘောကျတယ်အကို........အားပေးလျက်ပါ

    ReplyDelete
  9. ဆက် လက် ၍ နောက် ဇာတ် သိမ်း ပိုင်း လေး များ အ ထိ ပျော် ရွှင် ချမ်း မြေ့ စွာ ရေး သား နိုင် ပါ စေ....

    ReplyDelete