Monday, May 31, 2010

ညီမလေးဖတ်ဖို့ (၁)

ညီမလေးဖတ်ဖို့ (၁)



သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

" ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့ ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။

ကိုယ်တော့ အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့ ကျင် လည်ရ ဦးမယ်လေ ။

" လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "

အဲဒီအတွေးအမြင်တွေရပြီးကတည်းက ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့ (သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ... ။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို
31 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကောင်းတယ်ဗျာ ကျေးဇူးပါ.... မနက်ဖြန်များစွာ အတွက် အားတွေ မွေးသွားပါတယ်

    ReplyDelete
  2. အသက်ရှင်ရတဲ့ အခိုက်အတန့်လေးမှာ ဘဝကို အဓိပ္ပါယ် ပြည့်ဝအောင် နေသွားရင် အကောင်းဆုံးပေါ့...

    ReplyDelete
  3. စိတ်အားဖြည့်ပေးတဲ့စာသားတွေမို့ကျေးဇူးပါ..။
    ဘ၀ကြီးမှာနေတတ်ထိုင်တတ်ဖို့နဲ့လောကအကျိုး
    တနည်းနည်းနဲ့ဖေါ်ဆောင်တတ်ဖို့ကြိုးစားကြရမယ်။
    ဒါမှလည်းအဓိပ္ပါယ်ရှိတဲ့ဘ၀ဖြစ်လာမယ်.

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  4. ကိုသက်တန့် ရေ...လောကမှာ မည်သူမဆို ကိုယ်တစ်ယောက်အတွက် ကောင်းရာ ကောင်းကျိုး အရင်ပြုပြီး အများအကျိုးပြုသင့်ပါတယ်...ဒါဟာ အဖြစ်သင့်ဆုံးပါ...မိမိကိုယ်ကို ချစ်တတ်မှ တစ်ပါးသူကိုလဲ ချစ်တတ်မှာလေ...မှားသွားရင် ခွင့်လွှတ်ပါနော်...နည်းနည်းလေး ကွန့် ကြည့်တာပါ...

    ReplyDelete
  5. ပုံလေးနှင့်တကွ...ညီမလေးဖတ်ဖို့လို့
    ရေးထားတာလေးတွေက...အတိတ်ဆီကိုသတိရသွား
    စေတယ်။
    အံ့ဖွယ်ဗဟုသုတတွေရှိနေတဲ့ဒီနေရာလေးကို
    လင့်ချိတ်ဆက်ထားတာခွင့်မတောင်းရသေးဘူး။
    လင့်ချိတ်ဆက်ခွင့်ပြုပါနှော်

    ReplyDelete
  6. ညီမလေးတော့သိဖူးဗျာ
    ဒီက ညီလေးကြီးကတော့ တော်တော်အားရှိ သွားတယ်

    ReplyDelete
  7. အင်း...ညီမလေးတွေကို ဆုံးမဖို့ မှတ်သွားပါတယ်ဗျာ။း)

    ReplyDelete
  8. Ko That Tant Cho,
    Your letters are very well.

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails