Friday, April 2, 2010

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( အပိုင်း ၁)

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( အပိုင်း ၁)


(၁)

ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေနှင့် မိုင် ၂၀၀ မျှဝေးသောနေရာတွင် လူသူအရောက်အပေါက်နဲသော ရွာ ကလေး တစ်ရွာ ရှိလေသည် ။ ရွာကလေး၏ မူလအမည်မှာ စောကလုံ ရွာ ဖြစ်၏ ။ အချိန်ကာလ ကြာမြင့် လာ သော အခါ စောကလုံရွာကလေးအား မည်သူတစ်ဦးတစ်ယောက်ကမျှ စောကလုံရွာ ဟု မခေါ်ကြတော့ပဲ မိစ္ဆာရွာ ဟုသာ ခေါ်ဝေါ်ကြလေသည် ။ စင်စစ် မိစ္ဆာရွာကို ခြုံကြည့်ရလျှင် လူသူအရောက်အပေါက်နည်းသော ချိုင့်ဝှမ်း ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ရွာတောင်ဖက်တွင် စမ်းချောင်းလေးတစ်ခု ရှိ၏ ။ ထိုစမ်း ချောင်း လေးကို ရွာသားများက ငှက်မလွတ်ချောင်း ဟုခေါ်တွင်ကြကုန်၏ ။ နွေရာသီနှင့် ဆောင်းရာသီတွင် တည်ငြိမ်အေး ဆေးသလောက် မိုးရာသီတွင်ဒေါမာန်ကြီးစွာဖြင့် စီးဆင်းတတ်သောကြောင့် ချောင်းပေါ်မှ ဖြတ်ပျံသော ငှက်ပင် မလွတ်ပဲသေရသည်ကို အစွဲပြု၍ ငှက်မလွတ်ချောင်းဟု ခေါ်ခြင်းဖြစ်သည် ။ ရွာ၏အနောက်ဖက်တွင် တောကြီး မျက်မည်းသာရှိ၍ အရှေ့ဖက်တွင်မူ ကိုင်းပင်များစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြလေသည် ။ ရွာမြောက် ဖက်တွင်မူ ကြီးမားလှသော တောင်စွယ်တောင်တန်းများဖြင့် ပြည့်နှက်လျှက်ရှိပေသည် ။ ထိုမြင်ကွင်းများသည် မိစ္ဆာရွာအား အပေါ်မှ စီးကြည့်လျှင် ချိုင့်ဝှမ်းပတ်လည်တွင် မြင်ရသော အရာများပေတည်း ။

ထူးဆန်းသည်မှာ မိစ္ဆာရွာတွင် ဘုန်းကြီးကျောင်းမရှိပေ ။ ဘုန်းကြီးကျောင်းမရှိ၍ အခြားဘာသာ ကိုးကွယ် သလား ဟု မေးရအောင်လည်း မည်သည့်ကိုးကွယ်ပူဇော်ပသမှုမှ မရှိပေ ။ ပကတိ အရိုးခံလူများသာ ဖြစ်ကြလေ ၏ ။ စောကလုံရွာလေးအား မိစ္ဆာရွာဟု အမည်တွင်စေသော အရာများကား ဤသို့တည်း ...။

(၂)

ညအမှောင်ယံကား မဟူရာ ပိတ်ကားချပ်ကြီးနှယ်.. ။ ပိန်းပိတ်အောင်မဲမှောင်နေ၏ ။ မိစ္ဆာရွာလေးတွင် လူသံ မဆိုထားနှင့် ခွေးအူးသံ ပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏ ။ ညဉ့်ငှက် အော်သံ များကိုကား တခါတရံမှသာ ကြားရတတ်၏ ။ ထိုအခိုက် ရွာအလယ်ခေါင်တွင် အမှောင်ထုကိုခွင်း၍ မီးတုတ်များ ကိုင်ဆောင်ထားကြသော ရွာသားငါးဦးတို့သည် ၀ါးလုံးများကို လျှို၍ လူသေအလောင်းတစ်လောင်းကို ထမ်းကာ ရွာမြောက်ဖက်သို့ ဦးတည်၍ သွားနေ၏ ။

" သေချာထမ်းပါကွာ ဖိုးခွားရ မင်းဟာက တဖြည်းဖြည်းလေးလာပြီ " " အေးကွ စောလွင်ရ ဒီအလောင်းကလည်း တဖြည်းဖြည်းလေးလာတယ်ကွ သွက်သွက်လေး လျောက်ရ အောင် ကွာ "

အထက်ပါအသံများ ကြားရပြီးနောက် ခြေသံများမှ အပမည်သည့်အသံမျှ မကြားရတော့ပေ ။ မိစ္ဆာရွာတွင် သင်္ချိုင်းကုန်းမရှိခြင်း ပင်ဖြစ်၏ ။ ရွာသားများသည် လူသေလျှင် ရွာ၏ မြောက်ဖက်တွင်ရှိသော တောင်စွယ် တောင်ကလပ်များပေါ်တွင် ငှက်စာအလို့ငှာ အလောင်းများကို လာ၍ ပစ်ကြလေ၏ ။ ယခုလည်း ရွာထဲရှိ လူသေ အလောင်းတစ်လောင်းအား ညဖက်ကြီးသွား၍ ပစ်ကြဟန်တူ၏ ။ တဖြည်းဖြည်းနှင့် တောင်ကလပ်များနှင့် နီးလာ လေသည် ။ ရွာသားတစ်ဦးက အလောင်းတင်ရန် တောင်ကလပ်အား လိုက်လံကြည့်ရှူလေသည် ။ အချို့ကျောက် တောင်များပေါ်တွင် လူအရိုးစုများကို အများအပြားတွေ့ရလေသည် ။

" ကဲဖိုးခွေးရေ ဒီကိုသယ်လာဟေ့ ဒီမှာ လွတ်တယ် ဒီနေရာမှာပဲ ထားခဲ့မယ်ဟေ့ " " ဟုတ်ကဲ့ ဟုတ်ကဲ့အဘ "

ပြောပြောဆိုဆို ရွာသားလေးယောက်သည် အလောင်းကြီးအား မနိုင့်တနိုင်ထမ်း၍ တောင်ကလပ်ပေါ်တွင် တင် လိုက် လေသည် ။

" အားပါး အတော်လေးသကွာ ၂ ယောက်စာမို့ထင်တယ်ကွ " " အေးကွာ နန်းမူသနားပါတယ် သူ့ခမျာ မီးမဖွားနိုင်လို့သာ သေရရှာတာ အသက်ကဖြင့် ငယ်ငယ်လေး ရှိသေး တယ် "

ထိုသို့ပြောဆိုပြီးနောက် ဖိုးခွားက အလောင်းအားကြည့်လိုက်ရာ

" အောင်မလေး " " ဘာဖြစ်တာလည်းဟ " " ဟို...ဟိုမှာ မျက်လုံးကြီးပွင့်နေတယ် " " အာကွာ ဒါများ အဆန်းလုပ်လို့ ပြန်ပိတ်လိုက်ရသားနဲ့ "

ပြောသာပြောလိုက်ရသော်လည်း စောလွင်ကျောရိုးတလျောက် ကြက်သီးထသွားမိလေ၏ ။ အလောင်းကို နေရာ တကျထားပြီး ငါးယောက်သား ပြန်လှည့်ထွက်လာခဲ့၏ ။ ခပ်လှမ်းလှမ်းအရောက်တွင် နောက်မှအသံကြား၍ ငါး ယောက်သား ပြိုင်၍ လှည့်ကြည့်လိုက်ရာ အလောင်းကောင်ကြီးကို စားသောက်နေဟန်ရှိသော မဲမဲ သဏ္ဍာန် ကြီးကို တွေ့လိုက်ကြရလေတော့သည် ။

" သ...သရဲ... အောင်မလေး... သရဲဗျို့... သရဲခြောက်တယ်ဗျို့.." " ကယ်ကြပါဦးဗျ သ...သရဲ "

အသံမျိုးစုံအော်ဟစ်ပြီး ငါးယောက်သား ရွာဖက်ဆီသို့ ဦးတည်ပြေးလွှားလာခဲ့၏ ။ ရွာသို့ရောက်သော် မောပန်း နေပြီဖြစ်၍ တော်တော်နှင့် စကားမပြောနိုင်သေး ။ အမောပြေတော့မှ သူတို့ထဲတွင် အသက်အကြီးဆုံး အဘဦး ဟန်သာက အကျိုးအကြောင်းပြောပြလေသည် ။ တစ်ကြိမ်တစ်ခါမျှ မကြုံဖူး၍ ရွာသားများစိတ်ထဲတွင် သို့လော သို့လော နှင့် တွေးတောကြောက်ရွံ့ကုန်ကြလေတော့သည် ။ ရွာပတ်ဝန်းကျင်တွင်ကား အမှောင်ထုသည် တိတ်ဆိတ် စွာ ဆက်လက်ကြီးစိုးလျှက်.... ။

(၃)

နံနက်မိုးလင်းသည်နှင့် ရွာသူကြီးက သရဲခြောက်ခံရသော ရွာသားငါးယောက်အား ခေါ်ဆောင်လျှက် ရွာမြောက်ဖက်ရှိ ကျောက်ကလပ်များ ရှိရာသို့ သွားရောက်ကြည့်ရှူကြလေသည် ။ ဘုရား...ဘုရား.... သူတို့ ညက တင်ထား ခဲ့သော အလောင်းကောင်ကြီးက လတ်တလောအသားများကို နွှာ၍ စားသောက်ထားသည့်နှယ် ။ အရိုးစုလေး သာ ကျန်ရစ်တော့သည် ။ သွေးများကား မြင်မကောင်းလောက်အောင် ရွှဲစိုနေ၏ ။ လူသေထားသည်မှာ ၂၄ နာရီ မပြည့်သေး၍ သွေးများက ခဲမနေပဲ အိုင်ထွန်းနေတုန်းရှိသေးသည် ။ ရွာသားများလည်း အဖြေရှာမရပဲ ညည်းငြူကြလေသည် ။

" အေးကွ တို့ရွာမှာ ဒါမျိုးတစ်ခါမှ အရင်တုန်းကမ ဖြစ်ဖူးပါဘူး ငှက်စားရအောင်လည်း ဒီလောက် မြန်မြန်ကုန်နိုင်မယ်မထင်ဘူး ..ကဲ ငါတို့ ပြန်ရအောင်ဟေ့ "

အပြန်လမ်းက တိတ်ဆိတ်ခြောက်သွေ့လွန်းနေ၏ ။ သူတို့ထွက်ခွာသွားရာသို့ မျက်လုံးနီနီကြီးတစ်စုံက ချောင်း မြောင်း ကြည့်ရှူနေသည်ကိုမူ ရွာသားများ မသိလိုက်ပါချေ ။

နွေခေါင်ခေါင်မို့ အပူကား တလျှပ်လျှပ်နှင့်အစွမ်းကုန်ပူပြင်းနေ၏ ။ ရော်ရွက်ဝါတို့က သစ်ပင်ကြီးများဆီမှ တ ဖျောက် ဖျောက် ကြွေဆင်းလျှက် ရှိကုန်၏ ။

" အား..ဗိုက်အောင့်တယ်အမေရေ..လုပ်ပါဦး " " ဟဲ့ နင်မချစ်ဥ ပြုတ်ရည်သောက်ထားတယ်မဟုတ်လား တကတည်း " " အား..မနေနိုင်တော့ဘူး အမေရ ဗိုက်ကထိုးအောင့်လာပြီ အန်လည်း အန်ချင်တယ်..ဝေါ့.."

ပြောပြောဆိုဆို အန်ချလိုက်သော သမီးဖြစ်သူ အေးမေကြောင့် အမေဖြစ်သူ စိတ်ပူပန်သွားသည် ။ ခက်သည်က သူတို့ရွာ တွင် ဆရာဝန်မဆိုထားနှင့် ဆေးမှူးပင် အရောက်အပေါက်နည်းလှသော အလွန်ခေါင်သည့် ရွာပင် ဖြစ်သည် ။

" ဟဲ့အေးမေ...နင် ဟိုတနေ့က ဒေါ်အိုဇာနဲ့ ရန်ဖြစ်ထားတယ်ဟုတ် မဟုတ်မှ လွဲရော ညည်းကို ဟိုကပြုစား လိုက်ပြီ ထင်တယ် ငါအတန်တန်မှာထားရဲ့နဲ့အေ.. ဟိုတလောကတင် သူနဲ့ မတည့်တဲ့ နန်းမူတောင် မီးမဖွားနိုင် လို့ သေသွားတာ ဘာကြာသေးလို့တုန်း ညည်းအေ မဖြစ်သေးပါဘူး သူ့ကို သွားတောင်းပန်လိုက် " " အို ဒီအဖွားကြီးကို ဘာလို့ တောင်းပန်ရမှာတုန်း မတောင်းပန်နိုင်ပါဘူး "

စိတ်ပူပန်စွာ ပြောနေသော မိခင်ဖြစ်သူကို ပြန်လည်ပြောဆိုရင်း သူမအန်ထားသော အောက်ကို ငုံ့ကြည့်လိုက်တော့

" အား..."

စူးရှစွာ အော်လိုက်သော အသံကြောင့် မိခင်ဖြစ်သူက ပြေးပြီး လာကြည့်လေသည် ။

" ဟဲ့ ...ဆံပင်ချည်တွေပါလား အောင်မလေး ကယ်ကြပါဦးတော့ "

အော်ဟစ်လိုက်သော အသံကြောင့် အိမ်နီးနားချင်းများ လာေ၇ာက်ကြည့်ရှူကြရာ ခဏတွင်းပင် လူအုပ်ကြီး ဖြစ်သွားလေသည် ။

" ဟဲ့ ပြုစားခံရတာ ဟဲ့ " " ဒေါ်အိုဇာကြီး လက်ချက် စြဖ်မှာပေါ့အေ " " အိုအေ သူက အဲဒီလောက်တောင်စွမ်းလို့လား " " စွမ်းလို့ပဲ နန်းမူ ကိုယ်ဝန်ကြီးနဲ့ သေသွားတာ မတွေ့ဘူးလား "

ရွာသူရွာ သားများကား တစ်ယောက်တစ်ပေါက် ပြောဆိုကြကုန်၏ ။

ထိုသို့ ဖြင့် ရက်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာခဲ့သည် ။ တစ်ပတ်တိတိပြည့်သောနေ့တွင် အေးမေ တစ် ယောက်ကား ဗိုက်အလွန်အမင်းအောင့်ကာ သွေးများဆင်းပြီး အသက်ပါဆုံးရလေတော့သည် ။ ရွာသူရွာ သားများ၏ စိတ်ထဲတွင်ကား စုန်း ၊ ကဝေ အတတ် ပြုစားခြင်းအတတ်ကို အလွန်အမင်း ယုံကြည် သွားကြ လေတော့သည် ။ ရွာထဲတွင် ပြုစားခြင်းအတတ်ကို တက်ကြသူများမှာ ဒေါ်အိုဇာတစ်ဦးတည်း မဟုတ်ပေ ။ လူ ၁၀ ယောက်ခန့်မျှ စုန်းအတတ်ကို တတ်မြောက်ကြသည်ဟု အယူရှိကြလေသည် ။ ထိုသို့ စုန်းအတတ်ကို တက်သူ များနှင့် ရန်မဖြစ်ရအောင် နေကြရလေသည်။ ထိုသို့မဟုတ်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပေ သည် ။ တခါကလေည်း အေးမေသေဆုံးပြီး နောက် ၃ ရက်မြောက်နေ့တွင် ရွာထဲရှိ ဒေါ်သူဇာနှင့် ကိုဖိုးခွေးတို့ စကားများ ရန်ဖြစ်ကြလေသည်။ ဒေါ်သူဇာကား အောက်လမ်းပညာကို တဖက်ကမ်းတက်သည်ဟု အယူရှိကြ လေသည် ။ ထိုသို့စကားများပြီး နောက်တစ်ရက်တွင် ကိုဖိုးခွေးကား ပိုးထိ၍ သေဆုံးရလေ၏ ။ ဤသို့ လူများ တစတစ သေဆုံးဖန်များလာသောအခါ စောကလုံရွာကလေးအား လူများက မိစ္ဆာရွာဟု ခေါ်တွင်ကြ ကုန်လေ တော့သည် ။

(၄)

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပျက်ပြီး နှစ်လခန့်ကြာသောအခါတွင် မိစ္ဆာရွာသို့ လူနှစ်ဦး ရောက်ရှိလာ လေသည် ။ တစ်ဦးမှာ ဒေါက်တာ နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျွန်ုပ်ပင် ဖြစ်လေသည်။ ဒေါက်တာ နိုင်ဇော်မှာ အထူးကုဆရာဝန်တစ်ဦး ဖြစ်သော်လည်း ဆရာဝန်များပေါများသော မြို့ကြီးပြကြီးများတွင် မနေပဲ ကျေးလက် တောရွာများသို့ လှည့်လည်ဆေးကုနေသော ဆရာဝန်တစ်ဦး ဖြစ်ပေသည် ။ ဒေါက်တာနိုင်ဇော်မှာ စွန့်စားသွား လာရခြင်းကို လွန်စွာ ၀ါသနာပါလှပြီး တိုက်ရည်ခိုက်ရည်နှင့် ပြည့်စုံသော လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသော ၊ ယောင်္ကျား ပီသလှသော ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်၏ ။ သူသည် လူနာနှင့်တွေ့လျှင် နူးညံ့ သော ဆရာဝန်တစ်ဦး ဖြစ်ပြီး ရန်သူနှင့် တွေ့လျှင် ရက်စက်တတ်သော ကျားရဲတစ်ကောင် အသွင်ရှိ လေသည် ။ ကျွန်ုပ်သည်ကား ထူးဆန်းအံ့သြဖွယ်ရာများကို ၀ါသနာပါလွန်းသည် ဖြစ်၍ ဒေါက်တာနိုင်ဇော်နှင့် အတွဲမိကာ မြန်မာပြည်တစ်ဝှမ်း လှည့်လည်သွားလာနေကြခြင်း ဖြစ်၏ ။ ထို့ပြင် ကျွန်ုပ်သည်လည်း စွန့်စားဝံ့သော ရဲရင့် လှသော ဆရာဝန်တစ်ဦး ဖြစ်သည်ကိုမူ အထူးဖော်ပြရန်လိုမည်မထင်ပေ ။

ကျွန်ုပ်တို့ နှစ်ဦးရောက်ရောက်ခြင်း မိစ္ဆာရွာကလေးအား တိတ်ဆိတ်ခြောက်သွေ့နေလေ၏ ။ ထိုအခိုက် လူလေး ယောက်မှာ စောင်နှင့် ပတ်ထားသော အရာတစ်ခုကို ၀ါးဖြင့် လျှိုထမ်းကာ ရွာမြောက်ပိုင်းသို့ သုတ်သုတ် သုတ် သုတ် လျောက်သွားလေ၏ ။ ကျွန်ုပ်တို့လည်း လမ်းဖယ်ပေးလိုက်ပြီး ရွာလူကြီးအိမ်သို့ မေးမြန်းစုံစမ်းပြီး သွား ရောက်ကြလေသည် ။ ရွာလူကြီးကား သဘောမနောကောင်းသော လူကြီးတစ်ဦး ဖြစ်လေသည်။ နာမည်မှာ ဦးထွန်းလူဖြစ်၏ ။

" ဒီလိုပါ သူကြီး ကျွန်တော်တို့ နှစ်ယောက်က နယ်လှည့်ဆေးကုနေတဲ့ ဆရာဝန်နှစ်ဦးပါ နောက်ပြီးေ တာတောင် ရေမြေ သဘာဝတွေကို လေ့လာချင်ကြတာနဲ့ ခရီးထွက်နေကြတာပါ ကျွန်တော်တို့ကို ဒီရွာလေးမှာ ခေတ္တခဏ တည်းခို ခွင့် ပြုပါခင်ဗျာ "

" အေးဗျာ ဆရာတို့ ရောက်လာတာဖြင့် ကျူပ်တော့ သိပ်အားရှိတာပဲ ဒီရွာလေးကို လူတွေက မိစ္ဆာရွာလို့ ခေါ်ကြ တယ် စုန်းကဝေ ပြုစားတာတွေ များတယ်ဆိုပြီး တော်ရုံလူတွေ မလာဝံ့ကြဘူးဆရာ အင်း.. .ပြော ရမှာတော့ အားနာပါတယ် ဆရာလေးတို့ရယ် လူနာတွေကလည်း အခုတလော တအားများလာတယ် နောက်ထူး ဆန်းတာ တွေ လည်း ကြုံနေရတယ်ဆရာ " " ဆိုစမ်းပါဦး သူကြီးရဲ့ ဘယ်လိုထူးဆန်းတာတုန်း " "ဒီလိုဗျ အခုတလော ရွာမြောက်ဖက်က တောင်ကလပ်တွေမှာ လူသေအလောင်းတွေ ပျောက် ပျောက်နေ တယ် ဗျနောက်ပြီး ရွာမြောက်ပိုင်းက ညိုအေးရဲ့ သားလေးလည်း ပျောက်သွားတယ်ဗျ အခုထိ ရှာမတွေ့သေးဘူး " " ဟုတ်ကဲ့ပါသူကြီး ကျွန်တော်တို့ အတတ်နိုင်ဆုံး အကူအညီပေးပါ့မယ် ခင်ဗျာ "

ကျွန်ုပ်က ပြောလိုက်သောအခါ သူကြီးက အလွန်အမင်း ၀မ်းသာကာ ကျွန်ုပ်တို့ နှစ်ဦးတည်းခိုရန် ရွာထဲရှိ အိမ်အ လွတ် တစ်လုံးသို့ ပို့ဆောင်ပေးလေသည် ။

" ကဲ ..ကိုသက်တန့်ရေ ဒီညတော့ တောင်ကလပ်တွေပေါ်က အလောင်တွေကိစ္စ သွားပြီး စုံစမ်းရအောင်ဗျာ နေ့လယ် က လူတစ်ဦး သွားပစ်ထားတယ်ဆိုတော့ ဒီည သွားကြည့်ရင် အဖြေတစ်ခုခုတော့ တွေ့မှာပဲဗျ "

ဟု ဒေါက်တာနိုင်ဇော်က လက်စွဲတော်သေနတ်ကို တိုက်ချွတ်ရင်း ပြောလေရာ ကျွန်ုပ်က

" သွားကြတာပေါ့ ကိုနိုင်ဇော်ရယ် ကဲ ကျွန်တော်တို့လည်း ခရီးပမ်းလာတယ်ဆိုတော့ တရေးတမော အိပ် လိုက် ကြရအောင် "

ဟုပြောလိုက်လေသည် ။ ထို့နောက် ကျွန်ုပ်လည်း အိမ်ရှေ့ဝါး ကွပ်ပစ်လေးပေါ်တက်၍ ဇရက်မင်းစည်းစိမ်ကို ခံယူ လိုက်လေတော့သည် ။ နွေဦးလေရူးကို ကျော်လွန်ပြီး မိုးရာသီရောက်လာတော့မည် ဖြစ်၍ ကောင်းကင်တွင် သိပ်၍ မပူပြင်းပဲ တိမ်များက အုံ့ဆိုင်းနေ၏ ။ လေတဖြည်းဖြည်းနှင့် အိပ်လိုက်ရာ မကြာမီ အိပ်ပျော်ခြင်း သို့ ရောက် လေတော့သည် ။

(၅)

ညနေရီတရော နွားရိုင်းသွင်းချိန်မို့ ကောင်းကင်က လိမ္မော်ရောင်ဖက်သို့ သန်းနေ၏ ။ မကြာမီနေ၀င်ကာ လော ကတစ်ခွင် အမှောင်ဓါတ်က ကြီးစိုးပေတော့မည် ။ ကျွန်ုပ်တို့လည်း စကားတပြောပြောနှင့်လျောက်လာရာ မကြာ မီ တောင်ကလပ်များ ရှိရာသို့ ရောက်လာခဲ့တော့သည် ။ နေက လုံး၀၀င်သွားပြီ ဖြစ်၏ ။ ထို့နောက် ဒေါက်တာ နိုင်ဇော်ကား သူ၏ သေနတ်ကို အဆင်သင့် ကိုင်ထားပြီး ကျောက်ကလပ်များ ရှိရာသို့ တဖြည်းဖြည်းလှည့်လည် ကြည့်ရှူနေ၏ ။ အချို့ကျောက်တောင်များပေါ်တွင် လူသေအလောင်းများပင် မတွေ့ရတော့ပဲ အရိုးစုများသာ တွေ့ရလေသည် ။ အချို့ကျောက်တောင်များအပေါ်တွင်မူ အရိုးပင်မတွေ့ရတော့ပေ ။ ထိုအခိုက် အစွန်ဖက်ရှိ ကျောက်ကလပ်ပေါ်တွင် မဲမဲသဏ္ဍာန် တစ်ခုကို တွေ့လိုက်ရ၍ ကျွန်ုပ်တို့ နှစ်ဦးကား တိုးကပ်၍ သွား ကြည့်ကြလေသည် ။ ကျောက်ကလပ်ပေါ်တွင်တင်ထားသော အရာမှာကား အလောင်းကောင်ကြီးပင် ဖြစ်လေ၏ ။ ထိုအလောင်းကောင်ကြီးကား အတွင်းကလီစာများ မရှိတော့ချေပြီ ။ အူများပွင့်ထွက်၍ တစ်စုံတစ်ဦးက စားထားသကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေ၏ ။ ထိုအခိုက် ကျွန်ုပ်တို့ နှစ်ဦးကျောဖက်မှ အသံဗလံများ ကြားလိုက်ရ၍ နှစ်ဦးသား ကျောက်ဆောင်အကွယ်သို့ အမြန်ပုန်းနေလိုက်ရလေသည် ။ အလို....မြင်လိုက်ရသော မြင်ကွင်းကား အလွန်ပင် အော့နှလုံးနာဖွယ်ရာ ကြောက်မက်ဖွယ် ကောင်းလှတော့သည် ။

အပိုင်း (၂)ကို ဆက်လက် စောင့်မျှော် ဖတ်ရှူကြပါရန် ။

စာရေးသူ.....သက်တန့်ချို (၂.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ကိုသက်တန့်ချို.... ဒုတိယပိုင်းမြန်မြန်တင်ပေးပါနော်.. စာမေးပွဲတန်းလန်းနဲ့ လာဖတ်တာ.. နောက်အပတ်ကျ ဇာတိရွာပြန်ရမှာမို့ တစ်ခါတည်းဖတ်သွားချင်လို့.... ဖြစ်နိုင်ရင်ပေါ့လေ.... အားပေးလျှက်။

    ReplyDelete
  2. မနက်ဖြန်တင်ပေးပါ့မယ်သူငယ်ချင်းး)

    ReplyDelete
  3. မနက်ဖြန်တင်မယ် ဆိုလို့
    အသာ ဖြေလျှော့လို့
    ပြန်သွားတယ် ကွယ် ...

    ReplyDelete
  4. ကောင်းခန်းရောက်မှ ဟွန်းးး မကျေမနပ်နဲ့ပြန်သွားပါသည် :(
    ဆက်လက်ဖတ်ရှုရန် စောင့်မျှော်နေပါသည်။

    ReplyDelete
  5. ဟူးးးးးးးးးးး

    ရင်တထိတ်ထိတ်နဲ့ ဖတ်သွားတယ်အကိုရေ။

    ReplyDelete
  6. မဖတ်ဘူးဆိုတာ သိထားလိုက်ဘာာာာ အေ
    ဆန့်တငင်ငင်မလုပ်နဲ့မရဘူး မှတ်
    နက်ဖြန်မှ ပေါင်းဖတ်မယ် ဒါဗြဲ
    တာ့တာ

    ReplyDelete
  7. စောင့်နေပါတယ်ဗျာ...

    ဆက်လက် အားပေးနေဆဲပါပဲ..

    ReplyDelete
  8. ကြိုက်စ် နောက်နေ့ လာဖတ်မည် ဆက်ဆက် ရေးထားပါ

    ရွှေစင်

    ReplyDelete
  9. ဒီနေ့တင်မယ်ဆိုတာတကယ်နော်။ ဖတ်ဖို့စောင့်နေပါတယ်။

    ReplyDelete