Saturday, December 17, 2011

ဒီဇင်ဘာ (၁၇) သို့မဟုတ် ဝေးလွင့်ခဲ့သော ပြက္ခဒိန်စာရွက်များ

ဒီဇင်ဘာ (၁၇) သို့မဟုတ် ဝေးလွင့်ခဲ့သော ပြက္ခဒိန်စာရွက်များ




ဘာမှ မဟုတ်ခဲ့ပါဘူးကွယ် . .
ရက်တွေကသာ တစ်ရက်ပြီးတစ်ရက်
ပြက္ခဒိန်တွေထဲ ခုန်ဆင်းနေလိုက်ကြပုံများ
ရာသီသုံးပါးစလုံးမှာ
ပွဲတော်ကြီးကျင်းပ . . . နက္ခတ်တွေတောင်စုံလင်လို့ . . .

၂၇ နှစ် . . အသက်တွေတဖြည်းဖြည်းကြီးရင့်လာပုံ
ဘယ်လိုမှ ရင်ခုန်မရတဲ့ လောက ဓမ္မဓိဌာန်တွေနဲ့
ကိုယ့်ကိုယ်ကို ပြန်စီးချင်းထိုးနေမိ
တခါတခါတော့လည်း
အသိတရားနဲ့အရှိတရားကို
တိမ်စိုင်တွေအဖြစ်ဖန်ဆင်းလို့ . . .
ကိုယ့်ကိုယ်ကို ပြန်ရွာချနေမိ . . .
ဒီလိုပါပဲ . . .
ဒီ လို ပါ ပဲ . . .
အရာရာဟာ . . .ဘာမှမဟုတ်ခဲ့ပါဘူးကွယ်

ရယ်ပြုံးရီငို . . ဒီလောကအိုထဲ
ကောင်းကင်ကလည်း ပြာလွင့်လွင့်
ဒီဇင်ဘာ ၁၇ မှာ . . .
မြူနှင်းတွေ တစိုစို
အရာရာမှာ . . တိမ်ခိုး ပြာပြာတွေနဲ့ကွယ် . .

ဘာမှမဟုတ်ခဲ့ပါဘူးကွယ် . . .
၂၇ နှစ်နဲ့ ဒီဇင်ဘာ ၁၇
အသက်တစ်နှစ် ကြီးမြင့်လွန်မြောက်ယုံကလွဲလို့ . . .
ပြက္ခဒိန်စာရွက်တွေ ပြေးထွက်လွင့်ဝေးသွားယုံကလွဲလို့ . .
ထူးထူးခြားခြား နှင်းတွေမကျဘူး
ထူးထူးခြားခြား ကြယ်တွေမကြွေဘူး
ကံ့ကော်ဝတ်ဆံတွေလည်း လရောင်အောက်မှာ
လွင့်ပြာ လှုပ်ခတ်မနေဘူး . . .
ပိုင်ဆိုင်ရတာတွေနဲ့ ဆုံးရှုံးလိုက်ရတာတွေ . .
မေမေ ရေ . . .
ကျွန်တော့်မှာ . . ကွက်လပ်ကလေးတွေ
တဖြည်းဖြည်းများလာခဲ့ပြီ . . .

သက်တန့်ချို
ဒီဇင်ဘာ ၁၇ ရက်နေ့

မွေးနေ့ ဆိုတဲ့စာလုံးဟာ ငယ်ငယ်ကတည်းက ကျွန်တော့်အဖို့တော့ အစိမ်းသက်သက်ဖြစ်နေခဲ့တယ် ။ သူများ ကလေးတွေလို မွေးနေ့ကိတ်ကလေးတွေလှီး Happy Birthday To You ဆိုတဲ့ သံပြိုင်ဟော် ဟစ် သံလေးတွေဟာ စာအုပ်တွေထဲမှာ ရုပ်ရှင်ဇတ်လမ်းတွေထဲမှာ ပဲ နေသားတကျဖြစ်နေခဲ့တယ် ။ ကျွန်တော် ဟာ မွေးနေ့ ဆိုတာကို မွေးတဲ့တစ်ရက်ကလွဲလို့ ကျန်တဲ့ရက်တွေဟာ အသက် တစ်နှစ်ကြီးမြင့် လွန်မြောက်ခြင်းဆိုတဲ့ သတ်မှတ်ချက်လေး တစ်ခု တိုးလာယုံကလွဲလို့ ဘာမှ ထူးထူးခြားခြားမရှိပါဘူးလို့ ရိုးရိုးသားသား ထင်မှတ်ထား တဲ့ကောင်ပါ ။ ဒါပေမယ့် အခု ၂၇ နှစ်အတွင်းမှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံး ပြန်ပြီးငဲ့ကြည့် လိုက်တော့ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာတွေရှိသလို ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးရှိခဲ့တယ် ။ ရယ်မောခဲ့ တာတွေရှိသလို ငိုကြွေးခဲ့ရတာတွေလည်းရှိခဲ့တယ် ။ ကျွန်တော့်ဘ၀အတွက် ကဗျာလေးတွေဟာ စစ်မှန်သော နားခိုရာဖြစ်ခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်တောင်မေ့နေတဲ့ မွေးနေ့ဆိုတဲ့ တစ်ရက်ကို အမှတ်တရ တခုတ်တရ ဆုတောင်းမေတ္တာတွေပို့သပေးကြတဲ့ သူငယ်ချင်း မောင်နှမ မိတ်ဆွေ များ စာဖတ်သူ များအားလုံး ကို ကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ ။ ကျွန်တော့်ဖက်ကပြန်လည်ပေးဆပ်စရာဆိုလို့ စာတွေကို ဒီထက် ပိုပြီး ကောင်းအောင်ရေ့းသားသွားပါ့မယ် လို့ ကတိပေးစရာတစ်ခုပဲရှိပါတယ် ။

၂၇ နှစ်ပြည့်ပြီးနောက်ရက်တွေမှာ ကျွန်တော်ဟာ မကြာခဏ ခရီးတွေထွက်နေရမှာဖြစ်တဲ့အတွက် ပို့စ်တင်တွေကျဲသွားနိုင်ပါတယ် ။ ဒါကြောင့်သည်းခံခွင့်လွှတ်ပေးကြပါဦး စာဖတ်သူများခင်ဗျာ ။ ဖြတ်သန်းခဲ့ရတဲ့မွေးနေ့ဆိုတဲ့အရာဟာ တကယ်ပဲပျော်စရာကောင်းတာလား ဒါမှမဟုတ် ဘာတွေများထူးခြားသလဲ ကျွန်တော်ချရေးကြည့်မိတော့အထက်ပါအတိုင်းကဗျာလေးတစ်ပုဒ်ထွက်ကျလာတယ် ။

ကျွန်တော့်မွေးနေ့အတွက် သီးသန့် ပို့စ်တင်ပေးကြတဲ့ကဗျာရေးပေးကြတဲ့ ဆုတောင်းပေးကြ တဲ့အမှတ်တ ရစာစု များကို ကျွန်တော်မကြာခင်မှာ ပို့စ်တင်ထားပေးပါ့မယ် အမှတ်တရအနေနဲ့ပေါ့ ။ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ။ လိုတာမရ ရတာမလို လူ့လောက အိုမှာ အသိတရားနဲ့အရှိတရားကို ညီမျှခြင်းချလို့ လူပီသအောင်နေနိုင်ကြပါစေ ။ လူ့လောကအကျိုးသယ်ပိုးလို့ အဓိပ္ပါယ်ပြည့်ဝသော ခရီးတစ်ခုကို ဖြတ်သန်းနိုင်ကြပါစေလို့ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. သက်တန့်အတွက်.

    နှစ်တနှစ်ကို လက်ပြနှုတ်ဆက်တဲ့
    မြူနှင်းတွေဝေတဲ့
    ဒီဇင်ဘာလမှာ မွေးဖွားခဲ့တဲ့
    မွေးရက်လေးတရက်မှာ
    ထူးခြားတဲ့ ပျော်ရွှင်မှုတွေကို
    နှစ်စဉ် ပိုင်ဆိုင်ခွင့်ရပါစေ။

    လူသားတွေရဲ့တန်ဖိုးအရှိဆုံး
    လူ့အသက်တွေကို
    စောင့်ရှောက် ကယ်တင်ကုသခွင့်
    ရနိုင်တဲ့ ဆရာဝန်ကောင်းလေး
    တယောက်အဖြစ်
    လောကအကျိုးကို
    သယ်ပိုးရွက်ဆောင်နိုင်ပါစေ။

    လျှောက်လှမ်းရတဲ့
    ခရီးတလျှောက်မှာ
    ဆုံတွေ့ရမယ့် အရာတွေကို
    ရဲရဲရင့်ရင့်နဲ့
    အကောင်းဆုံး ရင်ဆိုင်
    ကျော်ဖြတ်နိုင်ပါစေ။

    မိဘကျေးဇူးဆပ်နိုင်တဲ့
    သားလေးတယောက်အဖြစ်
    ဂုဏ်ယူဝင့်ထည်စွာ
    ရပ်တည်နိုင်ပါစေ။

    တဖြည်းဖြည်းများလာတဲ့
    ကွက်လပ်လေးတွေမှာ
    မှန်မှန်ကန်ကန်
    ဖြည့်စွက်နိုင်ပါစေ။

    ဝါသနာပါတဲ့
    စာပေကဗျာလေးတွေနဲ့
    စီးမျော ပျော်မွေ့ရင်း
    ချစ်ခင်ရသူတွေနဲ့
    စိတ်ချမ်းမြေ့စွာ
    လျှောက်လှမ်းခွင့်ရပါစေ။။။

    ခင်မင်တဲ့
    အမ သဒ္ဓါ

    ReplyDelete
  2. အာဂျီးမားDecember 17, 2011 at 12:37 PM

ိမွေးနေ့ ကဗျာလေးဖတ်သွားတယ်။ happy birthday ပါနော် :)))

    ReplyDelete
  3. အဖြူရောင်နတ်သမီးDecember 17, 2011 at 1:11 PM

    Happy Birthday.. ပါ သက်တန့်ရေ...

    ReplyDelete
  4. ကိုသက်တန့်..မွေးနေ့ကဗျာလေးဖတ်သွားပါတယ်ရှင့်.
    Happy Birthday! ပါရှင့်....လိုအင်ဆနဒ(ကီးဘုတ်အခက်အခဲကြောင့်)တွေလည်းပြည့်ဝပါစေရှင့်....:)

    ReplyDelete
  5. happy to visit
    from Turkey
    merry christmas

    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)December 17, 2011 at 9:25 PM

    မွေးနေ့မှာ အပျော်ရွှင်ဆုံး ဖြစ်ပါစေ ...

    ReplyDelete
  7. Happy belated Birthday သက်တန့်ရေ။
    တီတင့်မနေ့က မြတ်ဆရာပူဇော်ပွဲနဲ့ တစ်နေ့လုံး
    အလုပ်ရှုပ်နေတာ အွန်လိုင်းမတက်ဖြစ်ခဲ့ဘူး။
    တီတင့်ရဲ့တတိယညီမလေးရဲ့ မွေးနေ့နဲ့တစ်ရက်ထဲမို့
    သူ့ကိုလည်း ဒီကနေ့မှ Belated Birthday wish
    လုပ်ရတယ်း)
    လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒတွေ
    ပြည့်ဝပါစေလို့ တောင်းဆုလေးချွေခဲ့တယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒ ပြည့်ဝသောသူ
    ဖြစ်ပါစေ။

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝသောသူ တစ်ယောက် ဖြစ်ပါစေ။

    ReplyDelete
  11. Happy Birthday ပါအကို...နောက်ကျတဲ့ မွေးနေ့ ဆုတောင်းလေးအတွက် ..ခွင့်လွတ်ပါလို့....
    ပျော်ရွင်ဖွယ် မွေးနေ့မှ နောင် နှစ်ပေါင်းများစွာတိုင်အောင် ချစ်သောသူများနှင့် ဆင်နွဲနိုင်ပါစေလို့ ဆန္ဒပြုရင်း.....

    ReplyDelete
  12. မင်္ဂလာရှိသော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ....

    နှင်းနဲ့မာယာ

    ReplyDelete
  13. မွေးနေ့မှသည်ကောင်းကျိုးလိုရာဆန္ဒတထပ်ထဲပြည့်ဝတဲ့ဘ၀ရပါစေဆရာ...

    ReplyDelete
  14. happy birthday to u.

    ReplyDelete