Thursday, March 31, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)





နားထဲတွင် ရေလှိုင်းပုတ်သံများကြားနေရသောကြောင့် ကျွန်ုပ်၏ အသိအာရုံတို့မှာ လတ်တလော ပစ္စုပ္ပန်သို့ ပြန် လည်ရောက်ရှိလာ၏ ။ ကျွန်ုပ်သည် မည်မျှကြာအောင် ပင်လယ်ပြင်တွင် နစ်မျောသွားသည်မသိ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲလျှက် ရှိ၏ ။ ဦးခေါင်းမှ လည်း မခံမရပ်နိုင်လောက်အောင်ပင် တဆစ် ဆစ် ကိုက်ခဲ လျှက်ရှိပေသည် ။ ကျွန်ုပ်ပထမဆုံး သတိရမိသည်မှာ ကျွန်ုပ်၏ ရွာသူရွာသားများပင်ဖြစ်၏ ။ သူတို့ အသက်ရှင်လျှက်ရှိသေးပါ၏လော ။ ကျွန်ုပ်လည်း မျက်လုံးကို အားယူ၍ ဖွင့်ကြည့် လိုက် ရာ နေ၀င် စပြုနေပြီဖြစ်သော ကောင်းကင်ပြင်ကြီးကို တွေ့မြင်ရလေ၏ ။ ပင်လယ်ပြင်ကြီးမှာ အိပ်တန်းတက် ဇင်ယော်ငှက် များနှင့် ပုဇွန်ဆီရောင် နေလုံးကြီးနောက်ခံထားကာ လွန်စွာ အသက်ဝင် လှပလျှက်ရှိ ၏ ။ မာယာများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကိုကြည့်၍ ကျွန်ုပ်မှာ ထူးပြီး မအံ့သြမိ ။ အဓိက လုပ်ဆောင်ရမည်မှာ ကျွန်ုပ်၏ အပေါင်းအဖော်များ ကို ပြန်လည်ရှာဖွေတွေ့ရှိရေးပင်ဖြစ်သည် ။

ကျွန်ုပ်လည်း ရှိသမျှ အားအင်တို့ကို စုစည်းလိုက်ကာ သဲပြင်ပေါ်သို့ မတ်တပ်ရပ်လိုက်၏ ။ သဲပြင် ကား ခြေတလှမ်းလှမ်းတိုင်း ခြေကျင်းဝတ်ထိ နစ်မြုပ်သွားလေရာခရီးမတွင်လှပေ ။ ကျွန်ုပ်လည်း ခြေလှမ်း ၁၀ လှမ်းခန့် လှမ်းမိပြီးသည်နှင့် ကျွန်းအတွင်းပိုင်းမှ အရိပ်တစ်ခု ဖျက်ကနဲ မြင်လိုက်ရသောကြောင့် ၄င်းကျွန်း အတွင်း ပိုင်း သို့ လျှောက်လာခဲ့တော့သည် ။ ကျွန်ုပ်လည်း သတိကြီးစွာထား၍ တဖြည်းဖြည်းချဉ်းကပ်လာရာ လွန်စွာကြီး မားသော အုန်းပင်ကြီးတစ်ပင်နောက်တွင် ထိုအရာ ရှိရမည်ဟု ခန့်မှန်းရလေသည် ။ ကျွန်းပေါ် တက်လာ ရင်းတွေ့ရသော သစ်သားစအား ဆုပ်ကိုင်၍ ၀င်ရောက်ခဲ့လေ၏ ။ ထို့နောက်ကျွန်ုပ်လည်း အုန်း ပင်နောက် သို့ ဖျက်ကနဲကြည့်လိုက်လေ၏ ။ ကျွန်ုပ်အား သစ်သားတုတ်ကြီးကိုင်၍ ချိန်ရွယ်ထားပုံရသော မီမီအောင့်ကို အံ့အားသင့်စွာ တွေ့လိုက်ရလေသည် ။

“ဟင်..မ.မီ ”

“ ဟင်..သူကြီး ”

“ ဘယ်လိုလုပ် ...”

ကျွန်ုပ်၏စကားမဆုံးမီမှာပင် မီမီအောင်မှာ မျက်ရည်များစီးကျလာပြီး ရှိုက်ကြီးတငင် ငိုလေတော့သည် ။

“အောင်မလေး သူကြီးရဲ့ ရွာသားတွေ အကုန်သေပြီထင်ပါရဲ့ အီး...ဟီး....”

“ ဟာ..မမီရယ် စိတ်ကိုထိမ်းပါဦးဗျာ ကျွန်တော်တို့လိုပဲ ရွာသူရွာသားတော်တော်များများလည်း ဒီကျွန်းပေါ်မှာ ရှိလိမ့် မယ် လို့ ကျွန်တော်ထင်တယ်ဗျ ဘာလို့လည်းဆိုတော့ မုန်တိုင်းဖြစ်တဲ့နေရာက ဒီကျွန်းနဲ့ဝေးပုံမရဘူးဗျ ”

ကျွန်ုပ်ပြောလိုက်မှ မီမီအောင်မှာ အငိုတိတ်သွားလေတော့သည် ။

“ကဲ ကျွန်တော်တို့ ည မမှောင်ခင်လေး စခန်းချဖို့ နေရာရှာကြဦးစို့ ”

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း သတိကြီးစွာ ထား၍ ကျွန်းအတွင်းပိုင်းသို့ ဆက်ဝင်ခဲ့ကြလေတော့သည် ။

ဤကျွန်းကြီးပေါ်တွင် သက်ရှိများနေထိုင်သလော ။ အသားစား လူရိုင်းများ နေထိုင်ကြသလော ။ သို့တည်း မဟုတ် ကြောက်မက်ဖွယ်တောရိုင်း တိရိစ္ဆာန်များ ရှိကြကုန်သလော ။ ကျွန်ုပ်မသိပေ ။ လာ သမျှဘေး ပြေးတွေ့ ရန်သာ ရှိပေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးစကားတပြောပြောနှင့် နာရီဝက် ခန့် လျှောက်ပြီးသော အခါ လွင်ပြင်ကြီးတစ်ခုကိုေ တွ့ရလေသည် ။ စိမ်းစိမ်းစိုစိုနှင့် မြက်ရိုင်းများ က နေရာ အနှံ့နေရာယူထား၏ ။ လွင်ပြင်အဆုံး ကိုကြည့်လိုက်သောအခါ ဘဘာဝ လှိုက်ဂူကြီးတစ် ခုနှင့် ကျောက်တောင် များကို တွေ့ရလိုက်ရ၏ ။ ဤလှိုက်ဂူကြီးသည် လတ်တလောခိုအောင်းရန် အကောင်း ဆုံးဖြစ်သည်ဟု ကျွန်ုပ်တွေးမိ၏ ။ သို့နှင့် လွင်ပြင် ကျယ်ကြီးကိုဖြတ်လျှောက်ပြီး လှိုဏ်ဂူကြီးရှိရာသို့ ကျွန်ုပ်တို့ နှစ် ဦး အသံလုံစွာဖြင့် ချဉ်းကပ် သွားလေတော့သည် ။ နေ၀င်သွားပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် အလင်းရောင် သိပ်မရချင်တော့ ။ အရာရာ သည် ၀ိုးတ၀ါးဖြင့် အမှောင်ထုက ရုတ်ချည်းစိုးမိုးလာလေတော့သည် ။

“ မမီရေ ..သတိတော့ထားရမယ်ဗျ ..ဒီဂူထဲမှာ အကောင်ဗလောင်တွေ မရှိဘူးမပြောနိုင်ဘူး ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ ချဉ်းကပ်လာရင်း ဂူနားသို့ရောက်ခါနီး ၀ါးတစ်ရိုက်ခန့်အလိုတွင် ဂူအတွင်းမှ ရုတ်တရက်မီးရောင် လင်းလာသည်ကို တွေ့လိုက်ရလေသည် ။ ကျွန်ုပ်လည်း လွန်စွာ အံ့အားသင့်သွားမိ၏ ။ သေချာသည်မှာ ဂူအတွင်းတွင် သက်ရှိလူသားများရှိနေချေပြီ ။ ကျွန်ုပ်လည်း သစ်သားချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဂူအတွင်း သို့ အရဲစွန့်ကာ ၀င်ခဲ့လေတော့သည် ။

အလို....ရှုလော့ ။ ကံတရားက ကျွန်ုပ်တို့ကို မျက်နှာသာ တစ်ခါပြန်ပေးပြီထင်၏ ။ ဂူအတွင်းတွင် ကျွန်ုပ်တို့ ရွာသား အချို့ကို တွေ့လိုက်ရသောကြောင့်ပင်တည်း ။ ရွာသူရွာသားများမှာ ကျွန်ုပ်တို့ နှစ်ဦးကို ဂူပေါက်ဝ တွင်တွေ့ လိုက် ရ၍ ရုတ်တရက်ကြောင်၍ ကြည့်နေကြ၏ ။ ပြီးမှ ကျွန်ုပ်တို့ဆီ ပြေး လာ ကြ ကာ ပျော်ရွှင် ကြလေတော့ သည် ။

“ မ..မမီ မမီရေထဲ ပြုတ်ကျသွားတုန်းက ငိုလိုက်ရတာ အီးးးဟီးးးကံကောင်းလို့ပြန်တွေ့ရတာပေါ့နော် ”

ကြယ်ဖြူလေးက မီမီအောင့်အား ပြေးဖက်၍ ငိုကြွေးလေတော့သည် ။ ဂူအတွင်းတွင်တော့ သက်မီ ၊ သူရိန် ၊ ဝေယံ ၊ အင်ကြင်း ၊ ပုတုလေး နှင့် ကျန်ရွာသားအချို့ကို တွေ့လိုက်ရ၍ ကျွန်ုပ်မှာ အတော်ပင် ၀မ်းသာသွား မိသည် ။ သို့ရာတွင် ရွာသားအတော်များများမှာမူ ပြန်မတွေ့ရသေးပေ ။ ဘီလူး ၊ စမူဆာနှင့် သားပြောင်တို့ ဘယ်ပျောက်နေ ကြသ နည်း ။ နံနက်မိုးလင်းလျှင်တော့ ကျွန်းတစ်ကျွန်းလုံးကိုသေချာလေ့လာရပေမည် ။

“ ဒီလိုသူကြီးရ ကျွန်တော်တို့ အခုအဖွဲ့က လှေလည်းမြုပ်ရော စည်ပုံးတွေကို တွယ်ထားကြ တာဗျ...လွတ်မထွက် သွားအောင်ပေါ့ လေငြိမ်တော့မှ တခြားသူတွေလည်း စည်ပုံးအလွတ်တွေနဲ့ ရေပေါ်မှာတွေ့လို့ အချင်းချင်း ကြိုးတွေနဲ့ ဆက်ပြီး ဒီကျွန်းပေါ်ထိရောက်အောင်ကူးခဲ့ကြတာပဲ ..ဒီကျွန်းပေါ်ကိုတော့မလေ့လာရသေးဘူး မနက်ကျမှ ပဲ သေချာ စုံစမ်းရမယ် ”

“ အင်း..ကျွန်တော်လည်း ခေါင်းကို တစ်ခုခုနဲ့ ဆောင့်မိသွားတယ်ထင်တာပဲဗျာ ဘာမှမသိတော့ ဘူး မှောင် မိုက်သွား တာ ညနေစောင်းမှ ကမ်းစပ်မှာပြန်သတိရလာ ”

“ ဟယ် ကိုကြီး ခေါင်းမှာ သွေးတွေစို့နေပါလား ”

ကြယ်ဖြူပြောမှပင်ကျွန်ုပ်မှာ ခေါင်းသို့ကိုင်ကြည့်ရာ စေးထန်းထန်းနှင့် သွေးများ ကိုတွေ့ရလေသည် ။

“ ခဏလေး ဆေးရွက်သွားရှာပြီးဆေးထည့်ပေးမယ်”

“ အေးအေး..ညီမလေး အဝေးကြီး မသွားနဲ့ ဝေယံ့ ကိုခေါ်သွား လိုက် ”

“ ဟုတ် ”

သိုနှင့် ကျွန်ုပ်တို့မှာ ဂူအတွင်းတွင် ထိုတစ်ည ဖြစ်သလို စခန်း ချရန် စီစဉ်ရလေတော့သည် ။

“သက်မီရေကျွန်တော်တို့ အစားအသောက် သွားရှာလိုက်ဦးမယ် မီးမွှေးပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ထားပေးပါနော် ”

“ ဟုတ်ကဲ့သူကြီး လှေပေါ်က အိုးခွက်တွေလည်း ကမ်းစပ်မှာတွေ့လို့ သယ်လာတယ် စိတ်ချ ”

သိုနှင့် ကျွန်ုပ်နှင့် သူရိန်မှာ အစာရှာဖွေရန် ဂူအတွင်းမှ ထွက်၍ အနီးအနားသို့ လှည့်လည်ခဲ့ကြလေတော့သည် ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဟုတ်ကဲ့ပါအကို ဆက်လက်စောင့်မျှော်နေပါတယ်လို့..
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. ဇာတ်လမ်းလေးကို ဆက်လက်အားပေးဖို့ စောင့်မျှော်နေပါတယ်ရှင်..

    ReplyDelete
  3. စဖတ်တုန်းက ဒီဇတ်လမ်းထဲက ဇတ်ကောင်နာမည်တွေ တွေ့ ဖူးထားသလိုလိုထင်နေတာ ..လက်စသတ်တော့ သက်တန့် ရွာသူ ရွာသားတွေကိုး..... နောက်ဆက်တွဲတွေ ဘာဆက်ဖြစ်မလဲသိချင်လှပြီ ...
    ပြောမယ်သာပြောရတာပါ...သူကြီးအစွမ်းအစကိုသိပြီးသားပါလေ.... :P

    ReplyDelete