Friday, May 12, 2017

အရှိတရားဟာ ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံရတယ်

အရှိတရားဟာ ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံရတယ်


အခွံတစ်ခုထဲမှာ အခွံပေါင်းများစွာ ပိတ်မိနေတယ်
ပစ္စုပ္ပန်ဟာ ချောင်ပိတ်သတ်ခံရတဲ့ အရှိတရားတစ်ခုလိုပါပဲ
လူတချို့ဟာ ဟားတိုက်ရယ်မောရင်း
အတွင်းထဲက မျက်ရည်တွေ လှိုက်လှိုက်အန်ချနေခဲ့သလို ။

ဟင့်အင်း ...
မပြောနဲ့ မဆိုနဲ့ မဝေဖန်နဲ့
မျက်စိလည်းပိတ် နားလည်းပိတ် ပါးစပ်လည်းပိတ်
ဒွါရပေါက်တွေ အကုန်ပိတ်
ဘ၀ဆိုတာ ချိတ်ပိတ်ထားတဲ့ အိမ်ပျက်ကြီးတစ်ခုမဟုတ်လား ။

ခင်ဗျား လွှင့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်တွေရဲ့တစ်ဖက်မှာ
ကိုယ့်တံတွေးကိုယ်ပြန်သပ်ရင်း
စိတ်ကူးယဉ်နေရတဲ့ဘ၀တွေ လည်းရှိတယ်

ခင်ဗျား ညည်းတွားလိုက်တဲ့ နေအပူရှိန်ရဲ့တစ်ဖက်မှာ
ကိုယ့်ချွေးစက်ကိုယ် ပြန်အရသာခံရင်း
မှောင်မိုက်နေရတဲ့ဘ၀တွေလည်း ရှိတယ်

အစိုးမရဘူး
ရန်သူမျိုးငါးပါးဆိုတာ ရှားပါးကုန်ပစ္စည်းတစ်ခု
ကျုပ်တို့ခေတ်မှာ ကိုယ်တွင်းကိုယ်ပ ရန်သူ နဲ့
ပြည်တွင်းပြည်ပ ရန်သူတွေကလည်းအပြိုင်အဆိုင်
နိုင်တဲ့သူတွေချည်း ရွေးသေပေးရတဲ့ ခေတ် ။

လူပင်လယ် ကြီးဟာ
သောက ပင်လယ်ကြီးထဲ လက်ပစ်ကူးရင်း
စိတ်ကူးပင်လယ်ကြီးထဲ မျောပါနေကြ
တကယ့်အရှိတရားဟာ
ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံနေရတယ် ။

#သက်တန့်ချို
12.5.2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment