ကျွန်တော့ကို အမြင်ကပ်ကြသော အကြောင်းရင်းများ
(ပန်းရင့်ရောင်၏ တဂ်ကို ပြန်လည်ဖြေဆိုပါသည် ။ ပန်းရင့်ရေ.... ပြန်ဖြေတာ နောက်ကျသွားတဲ့အတွက် စိတ်မဆိုးပါနဲ့ နော်....)
(၁)
"သယ်ရင်း သက်တန့် တနင်္ဂနွေနေ့ တကယ်လိုက်မှာလား ...မင်းမလိုက်လို့ မဖြစ်ဘူးနော် .. ကျိန်းသေမှပြော.. ဟိုတစ်ခါလည်းအိမ်ကိုပိုင်တယ် ဆိုပြီး အနားရောက်တော့မှ မင်းမလိုက်ဘူး...”
သူငယ်ချင်းတွေက ရုပ်ရှင်သွားကြည့်ရန်သူ့ကိုခေါ်နေခြင်းပါ ။ အမှန်တော့သူလည်း ရုပ်ရှင်သွား ကြည့်ချင်နေသည်မှာ ကြာပြီ ။ ကျူရှင်တဖက် ကျောင်းတဖက်နှင့် အချိန်လည်းမရှိ ခိုးပြီးလည်း မကြည့်ချင်သောကြောင့် သွားကြည့်မည့် အစီအစဉ်ပျက် ခဲ့ရသည်မှာ ကြာပြီ။ သူငယ်ချင်းတွေလည်း သူ့ကို စိတ်ဆိုးပေါင်းမနည်းပြီ ။ ဒီတခါတော့ တကယ်သွားကြည့်ရန် သူဆုံးဖြတ်လိုက်၏ ။
“ အေးပါကွာ ငါလိုက်ခဲ့မှာပါ ဒီတစ်ခါတော့ တကယ်ကြည့်မှာပါကွာ ဒီလောက်တော့လည်းအိမ်ကို ပိုင်ပါသေးတယ် ဟီး”
သူပြန်ဖြေလိုက်တော့သကောင့်သားတွေက မယုံသလိုနှင့် သိပ်မကြည်လင်ကြ ။ ဒီတခါတော့ အိမ်ကို ရအောင်ပြောမည်ဟု သူဆုံးဖြတ်လိုက်၏ ။
“ အမေ ကျွန်တော်ရုပ်ရှင်သွား ကြည့်ချင်လို့ သူငယ်ချင်းတွေနဲ့” ခုနကပြုံးနေသော အမေက ချက်ချင်းပင်ရုပ်တည်သွားပြီး “ သက်တန့် စာမေးပွဲရှိတယ်ဆို ဘယ်ကိုသဝေထိုးဦးမလို့လည်း စာမေးပွဲပြီးမှ ကြည့်ရမယ် ဒါပဲ” သူအတော့ကို စိတ်ညစ်သွား၏ ။ အမေ့အကြာင်းကို သူအသိဆုံးဖြစ်၏ ။ တစ်ခါပြောပြီးသော စကားကိုဘယ်တော့မှပြန်မပြင်တတ်။ ထပ်ပြောလည်းရမည်မဟုတ်သောကြောင့် သူလည်းထပ်မပြောချင်တော့ ။ အဖေကတော့ ငယ်ငယ်ကတည်းကကြောက်ရသောကြောင့် ဒီလိုကိစ္စတွေကို သူမပြောရဲပေ ။ လာမည့် တနင်္ဂနွေနေ့ကိုသာ တွေးပြီးရင်လေးနေမိတော့၏ ။
“ သက်တန့်ရေ သွားမယ်ဟေ့ ပြင်ပြီးပြီလား အချိန်နီးနေပြီကွ” အသံတွေကြားလိုက်ကတည်းက သူ့သူငယ်ချင်းးတွေ အသံမှန်းသူသိလိုက်၏ ။ သူလည်းအတတ်နိုင်ဆုံးပြုံးပြီး အပြင်ကိုထွက်လိုက်၏ ။ “ ဟာဟေ့ကောင် ဘာမှလည်း မပြင်ရသေးပါလား ဘာလို့တုန်း” “ ဟီး ငါမလိုက်ဖြစ်တော့ဘူး သယ်ရင်းတို့ရာ မင်းတို့စိုက်ထားတဲ့လက်မှတ်ဖိုး ပြန်ပေးပါ့မယ်ကွာ အိမ်ကဘယ်လိုမှ ပြောလို့မရဘူး စာမေးပွဲပြီး မှလွှတ်မယ်တဲ့ကွ” “ တော်ပါတော့ကွာ မင်းပြောလိုက်ရင်ဆင်ခြေကြီးပဲ မင်းကွာ အိမ်ကိုဒါလေးတောင် ရအောင်မပြောနိုင်ဘူး သောက်မြင်ကိုကပ်တယ် ဟင်း” ပြောပြောဆိုဆို အုပ်စုလိုက် ထောပနာပြုပြီး ဒေါနှင့်မောနှင့် ပြန်သွားကြ၏ ။ သူတို့ပြောလည်း ဟုတ်သည်ပင် ကိုယ့်ကို ဒီလိုပျက်ကွက်မှုများကြောင့်အမြင် ကပ်ကြပေါင်းလည်းများ ပြီ ။ ဒါပေမယ့် သူ့သူငယ်ချင်းတွေက အကြာကြီးစိတ်ဆိုးတတ်သူတွေမဟုတ်ကြ ။ ပြောပြီးလျှင် ပြီးရော စိတ်ထဲတွင် အကြာကြီးမထား တတ်မကောက်တတ်ပေ ။ သူလက်ဖက်ရည်တိုက်ပြီး ပြန်ချော့လိုက်မည် ဟု ဆုံးဖြတ်လိုက်၏ ။
(၂)
“သားရေ လာမယ့် ဒီဇင်ဘာ အဖေတို့ကျိုက်ထီးရိုးသွားရအောင်” သူဝမ်းသာ သွားရမည့်အစား အတော့ကိုစိတ်ညစ်သွားမိ၏ ။ တနေ့ကပင် သူငယ်ချင်းတွေနှင့် ဒီဇင်ဘာကျိုက်ထီးရိုးကို သွားမည် ပြောမရလျှင် ခိုး၍သွားမည်ဟုပင် ဆုံးဖြတ်ထားသောကြောင့်ပင် ။ အိမ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် သွားမည်ဟုဆိုသောအခါ သူဘယ်လိုလုပ်ရမှန်းမသိတော့ ။ သူငယ်ချင်းတွေရဲ့ အငြိုအငြင်ကို လည်း သူမခံချင်တော့ ။ အိမ်နှင့်မလိုက်ပဲ သူငယ်ချင်းတွေနှင့်သာ သွားမည်ဟု သူကြိတ်ပြီးဆုံး ဖြတ်လိုက်မိ၏ ။ ဒီဇင်ဘာကို ကြိုတွေးပြီး ရင်ခုန်နေမိတော့၏ ။
ဒီလိုနှင့် ဒီဇင်ဘာသို့ရောက်ရှိလာခဲ့၏ ။ နှင်းမှုန်တွေဝေနေသော ဒီဇင်ဘာမှာ ကျိုက်ထီရိုးတတ်ဖို့အတွက် လိုအပ်သော ပစ္စည်းများကို သူတို့သူငယ်ချင်း တသိုက် ပိုက်ဆံစုပြီး ၀ယ်ကြ၏ ။ ကျိုက်ထီးရိုးသွားရန် ၂ ရက်ခန့်အလိုတွင် ဇတ်လမ်းကစတင်လေတော့၏ ။ ညဖက်ကြီးတွင် အမေက အသည်း အသန်ဗိုက်အောင့်တော့၏ ။ အရင်ကတည်းက အစာအိမ်ရောဂါ ( gastritis ) ရှိပြီး အပူအစပ်ကိုလည်း အလွန်အမင်းကြိုက်သော ကြောင့် အမေက မကြာခဏ ဗိုက်အောင့်တတ်၏ ။ယခုလည်း ဗိုက်အလွန်အောင့်သောကြောင့် ဆရာဝန်သွားခေါ်ရ၏ ။ သူကတော့ ၁၀ တန်းပင် မအောင်သေးသောကြောင့် ရောဂါအကြောင်းတွေကို ဘာမှမသိသေးပေ ။ သူလည်းစိတ်ပူသွားမိ၏ ။ နောက်၂ ရက်တွင်ခိုးသွားမည့် ကျိုက်ထီးရိုးဘုရားအတွက်ရော အမေ့အတွက်ရော ။ ဒီပုံအတိုင်းဆို သူတော့ သွားဖြစ်မည့်အရိပ်အရောင်ပင်မမြင် ။ ထင်သည့်အတိုင်းပင် ဆရာဝန်က တစ်ပတ်ခန့် ဆေးထိုးဆေးသောက်လုပ်ရမည်ဟု ဆို၏ ။ သူလည်း အကယ်၍ ခိုးပြီးလိုက်မည်ဆိုလျှင် အမေတစ်ယောက်လုံးကို ရောဂါဖြစ်သည်ကို သိလျှက်နှင့် ပစ်ပြီး သွားရသလို ဖြစ်မှာစိုးသောကြောင့် ထုံးစံအတိုင်းသူ့သူငယ်ချင်းတွေကို သာကျေနပ်တဲ့အထိ တောင်းပန်လိုက်တော့မည်ဟု ။
“ ဟေ့ သက်တန့်ပြီးပြီလား သွားမယ်ကွ ကားမမှီပဲနေမယ်” “ သယ်ရင်းတို့ရာ .. ငါမလိုက်ဖြစ်တော့ဘူးကွာ အမေကနေမကောင်းလို့တစ်ပါတ်လောက် ဆေးထိုးရမယ် ပြောတယ်ကွ ငါ့ကိုခွင့်လွှတ်ပါကွာ” သူတောင်းပန်လိုက်တော့ သူငယ်ချင်းအချို့ကတော့ နားလည်ပြီး ကျွန်တော့ကို အလွန်လိုက်စေချင်သော သူငယ်ချင်းတွေကတော့ “ သက်တန့်ရာ မင်းကလည်း ဖြစ်လိုက်ရင် ဒီအတိုင်းကြီးပဲ ငါတို့နဲ့ သွားဖို့ ကံမပါဘူးနဲ့တူတယ်” လို့ညည်းညူကြပါတယ် ။ အချို့ကတော့ ချိန်းပြီးတိုင်း ပျက်သွားပေါင်းများသောကြောင့် အမြင်ကပ်ကပ်နှင့် ကြည့်ကြ၏ ။ သူလည်းအားနာနာနှင့် ပင် ပြန်ပြုံးပြလိုက်ရ၏ ။ သူတို့တစ်အုပ်စုကြီး ပြန်လာရင်လက်ဆောင်ဝယ်လာမည်ဟု ပြောပြီး ထွက်သွားသောအခါ သူလည်း ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေတော့၏ ။
(၃)
“ဇော်ကြီး ဆေးလိပ်သောက်တာ မကောင်းပါဘူးကွာ မသောက်စမ်းပါနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရင့်တယ်ကွ" "ဟာကွာ တခါတလေပဲကွာ ဘာမှမဖြစ်နိုင်ပါဘူး သက်တန့်ရာ မင်းနဲ့တွေ့တိုင်း ဆုံးမစကားပဲပြောနေတာပဲ" ဇော်ကြီးက ညီးညူစွာပြောလည်း မတတ်နိုင် ။ ကိုယ့်မှာက ဒီအကျင့်က ပါလာသည်ကိုး ။မျက်စိထဲမှာ မကောင်းဘူး မလုပ်သင့်ဘူး ဆိုသည့်အရာကို ကိုယ်ကိုယ်တိုင်သာ လုပ်လျှင်လုပ်မည် ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ သူငယ်ချင်းတွေကိုတော့ မလုပ်စေချင်တာ သူ့ရင်ထဲက ဆန္ဒ အစစ်အမှန် ဖြစ်၏ ။ တစ်ခါတုန်းကလည်း .....
"သက်တန့်ရေ... ဒီနေ့ကျောင်းပြေးမယ်ကွာ မင်းလိုက်ဖူးတယ်ရှိအောင်လိုက်ခဲ့ပါလား အနန်းပင်ဖက်မှာ ရေသွားကူးရအောင် အဲဒီဖက်မှာ ဒီအချိန်ရေအရမ်းကူးလို့ ကောင်းတာကွ" " အေးလေ သွားတာပေါ့ ငမျိုး " ကျွန်တော့စကားကိုသူငယ်ချင်းကမယုံသလိုကြည့် ပြီး အံ့သြနေ၏ ။ အမှန်တော့ အနန်းပင်ဖက်က ချောင်းတွေက ရေစီးအရမ်းသန်ပြီး မကြာခဏရေနစ်တတ်သည်ကို သူ ကောင်းကောင်းသိ၏ ။ သို့ပေမယ့် ယခုအချိန်မှာ ငမျိုးကိုတားလျှင် ကျွန်တော့်စကား ကို နားမထောင်မည်ကို ကျွန်တော်သိ၏ ။ ထို့ကြောင့် အလိုက်သင့်လေး ပြန်ဖြေလိုက်ခြင်းဖြစ်၏ ။ သူ့ကို ရေမကူးဖြစ်အောင် နည်းလမ်းကို ကျွန်တော် စဉ်းစားလိုက်၏ ။ မတတ်နိုင် သူစိတ်ဆိုးမည်ကို သိသော်လည်း သူ့သူငယ်ချင်း အန္တရာယ်မဖြစ်စေရေး အတွက် ဒီနည်းလမ်း
ကိုပင် သူရွေးချယ်လိုက်၏ ။
ငမျိုးတစ်ယောက် ချိန်းထားသည့်နေရာသို့ စောပြီးရောက်နေ၏ ။ သူလည်း ကျောင်းဝတ်စုံလေးနှင့် ငမျိုးနှင့် ချိန်းထားရာသို့ လာမိ၏ ။ သူကတော့ သူ့အကြံနှင့်သူ ။ ငမျိုးကတော့ ရေကူးမည်ဟုဆိုကာ အ၀တ်လဲတော့၏ ။ မိုးကလည်း သည်း ရေကလည်း အစီးသန်သောကြောင့် ရေကူးမကျွမ်းကျင်လျှင်တော့ အတော့ကို အန္တရာယ်များသော အလုပ်ပင် ဖြစ်၏ ။ ထိုစဉ်မှာပင် " ငမျိုးလာစမ်း ကျောင်းပြေးပြီးရေလာကူးတယ် ကြည့်စမ်း ငါက သက်တန့်ပြောတော့ မယုံဘူး အခုမှလက်တွေ့ပဲ တော်သေးတာပေါ့ သက်တန့်ကယ်ပေလို့ပေါ့ ...ကျေးဇူးပါသားရယ် မင်းသူငယ်ချင်းကို အခုလိုတိုင်တဲ့အတွက် ဒီကောင့်ကိုအိမ်ရောက်မှ သေအောင်ရိုက်အုန်းမယ်" ငမျိုးကကုပ်ချောင်းချောင်းနှင့် အ၀တ်အစားပြန်လဲပြီး ကျွန်တော့ကို စားမတတ် ၀ါးမ
တတ် မျက်လုံးနှင့် ကြည့်၏ ။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ကို သူ့အိမ်သို့သွား ချွန်သည်ဟုဆိုကာ အမြင်ကပ်ပြီးနောက်နေ့မှ စ၍ စကားမပြောတော့ပေ ။ သို့သော် တစ်နေ့နေ့တွင် ကျွန်တော့်စေတနာကို ငမျိုးတစ်ယောက် နားလည်လိမ့်မည်ဟု သာ ဆုတောင်းမိတော့သည် ။
အထက်ပါ အကြောင်းအရာများကား ကျွန်တော်၏ အမြင်ကပ်ဖွယ် ကောင်းသော အကြောင်းအရာများစွာထဲမှ တစိတ်တဒေသပင် ဖြစ်၏ ။
စာရေးသူ......သက်တန့်ချို ( ၂း၂၂ နေ့လည် ၁၃.၉.၀၉)

အမြင်ကပ်တဲ့သူတွေကလည်း ကပ် အမြင်အကပ် ခံရသူတွေကလည်း အကပ်ခံရနဲ့  နောက်ဆုံးတော့လည်း အမြင်ကပ်နေကြတာပါပဲ :)))) ပတ်ဝန်းကျင် က အမြင်ကပ်ခြင်းနဲ့ အသားကျနေပြီထင်ပါရဲ့ 
ReplyDeleteခင်မင်လျှက်
ရန်ကုန်သား
ဘာအကူအညီလိုလဲလို့ ပြောပြီးရင် ပျောက်သွားတာလဲ
ReplyDeleteဒါ့ကြောင့်ပဲ ဖြစ်မယ် .. (အဟဲ .. စတာနော်..)
နာတော့ အမြင်မကပ်ပေါင်။ နာ့ကိုလည်း မရှိဘူးထင်တယ် ဟဟ။ လူတိုင်း တဦးတယောက်ရဲ့အမြင်ကတ်ခြင်းကို ခံရတာပါပဲ၊ သိတာနဲ့ မသိတာပဲ ကွာတယ်။ အမှန်တရားနဲ့ နားလည်မှုက တော်တော်တော့ တာသွားတဲ့စကားတွေ။ အဲ့ကြားမှာ ခိုပြီးလိုက်ပါသွားတာက ချစ်ခြင်းမုန်းခြင်း။ ကဲ ပြန်တော့မယ်နော့ ရောက်တာကြာပြီ
ReplyDeleteအမြင်ကတ်ခံရတဲ့ အကြောင်းလေးတွေကို စိတ်ဝင်စားစရာ ရေးထားတာကို ဖတ်ပြီး ပြုံးသွားတယ် မောင်လေးသက်တံ့ရေ...
ReplyDeleteဟားးးဟားးးး
ReplyDeleteဖတ်ပြီး ရယ် သွား တယ် ဗျို့ ...