ဘ၀ဆိုတဲ့ ရထားကြီးမှာ သူအလူးလူးအလွန့်လွန့်ဖြတ်သန်းခဲ့တာ .. အခုဆိုနှစ်ပေါင်းအတော်ကြာခဲ့ပြီ ။ သူက ဒီမြေဒီရေကို သူ့အသွေးအသားလို တန်ဖိုးထားခဲ့သည် ။ မိဘများက ဒါကိုလက်မခံ .......... ။ သူ့ကိုနိုင်ငံခြားသို့ထွက်ပြီး ဘွဲလွန်တက်စေချင် ကြသည် ။ သူကတော့ မဖွံ့ဖြိုးသေးသည့် ဒေသတွေ တောင်တန်းတွေ.............ရွာငယ်လေးတွေမှာ.......... လိုအပ်သည့်ကွက်လပ်လေးတွေကို အတတ်နိုင် ဆုံးဖြည့်ဆည်းပေးချင်သည်မှာ သူ့ရင်ထဲက ဆန္ဒအမှန်ပင် ။ ဒီလိုနှင့် သူ့မိဘတွေကို သူပထမဆုံးအကြိမ်ဆန့်ကျင်ခဲ့သည် ။ မိဘတွေက သူ့ကိုအပြင်းအထန်ကန့်ကွက်ကြသည် ။ အမှန်တော့သူက M.Med.Sc အောင်ပြီးသား ဆရာဝန်တစ်ယောက် ။ ဒီဘွဲ့နဲ့ပဲ သူ့မြေသူ့ရေကို အလုပ်အကျွေးပြုချင်နေမိပြီ ။ ဒီလိုနဲ့မိဘတွေနဲ့အဆင်မပြေခိုက်မှာ စိတ်ပြေလိုက်ပျောက် ရှမ်းရိုးမတောင်တန်းတွေဖက် သူခရီးထွက်လာမိ၏ ။ တိတ်တိတ်လေးထွက်လာခဲ့သည့်အလျှောက် သူ့မှာ အ၀တ်အစားအနည်းငယ် ငွေအနည်းငယ် ဆရာဝန်လက်ကိုင်နားကြပ် သွေးပေါင်ချိန်မှလွဲ၍ ဘာမှပါမလာခဲ့ပေ။
ရုတ်တရက်အတွေးစကို ဖြတ်လိုက်တော့မှ မနက် ၅ နာရီထိုးပြီမှန်းသတိ ထားမိလိုက်၏ ။ တစ်နေ့လုံးတစ်ညလုံး ကားစီးလာသည့် ဒါဏ်ကြောင့် သူ့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေပြီ ။ ရေဆာလာသလို ခံစားရသောကြောင့် ရေဘူးမှရေတစ်ငုံခန့်သောက်လိုက်၏ ။ အပြင်ဖက်ကို ကြည့်မိတော့ အိုး......လှလိုက်တဲ့မြင်ကွင်းတွေ.... ရှမ်းရိုးမတောင်တန်းတွေနောက်ကွယ်က နေမင်းကြီးထွက်ပေါ်လာပုံက သူ့ကိုအချိန်အတော်ကြာ ငေးမောမှင်သက်သွားမိစေ၏ ။ ဒီလိုနဲ့ ကားခရီးဆုံးတော့ ရှမ်းပြည်နယ်မှ ရွာငယ်လေးတွေဆီ သူ...ခြေဦးတည့်ရာလျောက်လည်နေမိ၏ ။
" ထနောင်းရွာ " တဲ့ သူအရမ်းသဘောကျမိသော ရွာကလေး ။ သစ်ပင်ကြီးတွေအုံ့အုံ့ဆိုင်းဆိုင်းနှင့် ရိုးသားသောရွာသူရွာသားတွေ၏ နှလုံးသားတွေကို အတိုင်းသားမြင်နေရ၏ ။ ရွာလူကြီး၏ အကူအညီနှင့် ရွာထဲမှအိမ်လေး တစ်လုံးကို ငှားရမ်းကာစိတ်ပြေလက်ပျောက်ထိနေမည်ဟု သူစိတ်ကူးမိ၏ ။ တစ်ရွာလုံးကတော့ သူ့ကို တစ်နယ်တစ်ကျေးမှလာ၍အလုပ်လုပ်သူဟုပင် သိထားကြ၏ ။ သူ့မှာ ပိုက်ဆံကလည်းမပါလာသောကြောင့် အလုပ်တစ်ခုလုပ်မည်ဟု သူဆုံးဖြတ်လိုက်၏ ။ ဒီလိုနှင့် ရွာလူကြီး၏ အကူအညီနှင့်ပင် တောင်ယာအလုပ်ကို သူဝင်ရောက်လုပ်ကိုင်ခဲ့၏ ။ သူ့အတွက်တော့သေလောက်အောင် ပင်ပန်းသော်လည်း သူအလွန်ပျှော်ရွှင်နေမိ၏ ။ သူအလုပ်ဝင်လုပ်သော လယ်ပိုင်ရှင်ကြီး ရဲ့အမည်က ဦးသာဒွန်းတဲ့ ။ အလွန်ကိုသဘောကောင်းသောလူကြီးပင် ။ သူ့ကိုလည်း အစစအရာရာ အကူအညီပေးခဲ့၏ ။ အလုပ်ဝင်ပြီး ၂ ရက်မြောက်နေ့တွင် သူလုပ်ခရှင်းဖို့စောင့်ဆိုင်းနေစဉ် .... သူ့အသွေးအသားတို့ တခဏတာ ရပ်တန့်သွားစေသည့် ဖြစ်ရပ်ကို သူကြုံတွေ့လိုက် သည် ။ အရမ်းကိုလှပလွန်းသည့်ကောင်မလေး ..မည်သည့်
ဆေးရောင်ခြယ်သမှုမှ မပါပဲ သဘာဝအလှတစ်ခုကို သူကြုံတွေ့လိုက်၏ ။ မြို့သူတွေကို ပိန်ကပ်ကပ် ပူလောင်သည့်အလှမျိုးမဟုတ် ။ ခန္ဓာကိုယ်က မယ်အလှနှင့် မျက်ခုံးမျက်လုံး ဘာမှ အပစ်ပြောစရာမရှိပေ ။ သူမင်သက်နေမိစဉ်ကောင်မလေးက သူ့အနားသို့ရောက်လာခဲ့၏ ။
" ဟို... အစ်ကို့ကို အဖေက လုပ်ခရှင်းခိုင်းလိုက်လို့ပါ ... ဟို..အစ်ကို့နာမည်က...." " ဟုတ်...ဟုတ်ကဲ့ ကျွန်တော့်နာမည်က နိုင်ဇော်ပါ ဒါနဲ့ညီမနာမည်ကရော... " " ကျွန်မနာမည်ကခရေပါ အစ်ကို နိုင်ဇော် ... " ဒီလိုနှင့် သူနှင့်ကောင်မလေး စကားတွေ အများကြီး ပြောဖြစ်ခဲ့၏ ။ ကောင်မလေးကို မြင်မြင်ခြင်းပင် သူ့နှလုံးသားက တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော မေတ္တာမျိုးဖြင့် ချစ်မိသွားမိ၏ ။ " ဒါနဲ့ အစ်ကိုက ဘယ်နယ်ကလည်းဟင် .. ဒီကိုရောက်တာသိပ်မကြာသေးဖူးနော်... အစ်ကို့ကိုကြည့်ရတာ မြို့သားနဲ့တူသလိုပဲ " " ဟုတ်ပါဘူး ညီမရဲ့ အစ်ကိုက မြို့သားမဟုတ်ပါဘူး ကချင်ပြည်နယ်ဖက်က လာခဲ့တာပါ ဒီလိုပါပဲ စီးပွားရှာမယ်
ဆိုပြီး ထွက်လာခဲ့တာ " စကားပြောရင်း ပြောရင်းနှင့် ကောင်မလေးနှင့် သူ အတော်ပင် ရင်းနှီးသွားကြ၏ ။
ထနောင်းရွာလေးနှင့် မိုင် ၈၀လောက်ဝေးသောနေရာတွင် မြို့ငယ်လေးတစ်ခုရှိ၏ ။ ထိုမြို့ငယ်လေးတွင် သူနှင့်ကျောင်းနေဖက် ငထွန်းဆိုသော တိုက်နယ်ဆေးရုံမှ SMO - Station Medical Officer တစ်ဦးရှိ၏ ။ တစ်ပတ်လျှင်တစ်တစ်ကြိမ်ခန့် ထိုမြို့လေးသို့တက်ကာ လိုအပ်သောပစ္စည်းများကို ၀ယ်၏ ။ အပြန်တွင်ခရေ အတွက် လက်ဆောက်ပစ္စည်းများကိုလည်း သူဝယ်လာတတ်၏ ။ တစ်နေ့တွင်.... ခရေ၏ ဖခင်သည် အပြင်းအထန်ဖျားနာလေ၏ ။ သူတို့ လည်း ရွာမှ ကျန်းမာရေးမှူးကို သွားပြကြ၏ ။ သို့သော် သူ့ဖခင်က သိပ်မသက်လာခဲ့ ။ သူ့မှာလည်းအခက် ။ ကုသပေးချင်သော်လည်း သူ့ကို သာမန်လူလို့ပင်သိ ထားကြသည့်အတွက် .. သူစဉ်းစားနေရ၏ ။ နောက်ဆုံးမတတ်နိုင် ခရေကို သူပြောလိုက်၏ ။
" ညီမ ဦးလေးကို ကိုယ်ကြည့်ပေးလို့ရမလား ကိုယ်ကကျန်းမာရေးသင်တန်းတွေဘာတွေတတ်ဖူး တယ်လေ "
" ဟုတ်လား ကူညီပါဦးအစ်ကိုရယ် အဖေက အခုဆိုပိုဆိုးလာသလိုပဲ " သူစမ်းသပ်ကြည့်လိုက်တော့ ငှက်ဖျားရော ဂါ ( Malaria ) ဖြစ်နေ၏ ။ အသင့်သူဆောင်ထားသော ငှက်ဖျားရှိမရှိစမ်းသပ်သော
strip ( Paracheck ) ကလည်း Positive ဖြစ်နေ၏ ။ သူ.. နားကြပ် သွေးပေါင်ချိန်နှင့် စမ်းသပ်သည်ကိုကြည့်ကာ ခရေကအံ့သြနေ၏ ။ အဆောင်သဘောမျိုး ၀ယ်ထားတာဟုပင် သူပြန်ဖြေလိုက်၏ ။ မြို့သို့သွားသည့် လူကြုံနှင့် လိုအပ်သည့်ဆေးဝါးများကို ရေးကာ မှာလိုက်၏ ။ ဆေးရလာသောအခါ စနစ်တကျသူ..ပြုစုကုသပေးခဲ့၏ ။ သူ့အတွေ့အကြုံနှင့် ပညာကြောင့် ဦးလေးမှာ လေးငါးရက်အတွင်းမှာပင် အဖျားကျကာ အတော်ပြန် ကောင်းလာခဲ့၏ ။ တစ်အိမ်သားလုံးကလည်း သူ့ကိုကျေးဇူးတင်နေသည်မှာမဆုံး ။
ဘာလိုလိုနှင့် သူဒီရွာလေးသို့ရောက်နေသည်မှာ တစ်လခွဲခန့်ရှိနေပြီ ။ အမှန်တော့သူ့မှာ အလုပ်တွေအများကြီးရှိနေသေး၏ ။ ဒါပေမယ့် သူမပြန်ချင်သေး... ။ ခရေကိုလည်း သူ့နှလုံးသားမှ သံယောဇဉ်အမျှင်တွေ တစ်ရစ်ပြီးတစ်ရစ်တိုးရစ်လာခဲ့၏ ။ တစ်နေ့တွင် သူလယ်ထဲမှစောစောပြန်လာပြီး အိမ်တွင်အနားယူနေခိုက် " ဟာလုပ်ကြပါဦး ... ကိုလင်းပိုးထိလို့ဟေ့ ..... ကယ်ကြပါဦး .... " ရွာထဲမှဆူဆူညံညံအသံတွေ ကြား၍ အပြင်သို့ထွက်လာခဲ့၏ ။ ပိုးထိသော ကိုလင်းကို ရွာသားသုံးလေးယောက်ကတွဲ၍ ကျန်းမာရေးဆေးပေးခန်းဖက်သို့ သွားနေသည်ကို သူတွေ့လိုက်၏ ။ အဆိပ်တွေပျံ့ကုန်တော့မှာပဲ...။ " ဟေ့ဟေ့နေကြဦး အဲဒီလိုမသွားကြနဲ့.. " သူလူနာ အနီးသို့အလျှင်အမြန်
သွားကာအခြေအနေကြည့်လိုက်၏ ။ မြွေက မြွေဆိုးဖြစ်ဖို့များ၏ ။ အသက်ရှူနှုန်းလည်း တဖြည်းဖြည်းခက်ခဲလား၏ ။ သူ့အတွေ့အကြုံအရ အချိန်မီ မြွေဆိပ်ဖြေဆေး ( ASV - Anti Snake Venom ) မထိုးလျှင် အသက်ရှင်ဖို့လမ်းမမြင် ။ ပထမဦးစွာ ရှေးဦးသူနာပြုစုနည်း ( First Aid )ကို တိတိကျကျလုပ်ဆောင်ပေးခဲ့၏ ။ ဆေးရုံသို့အမြန်ဆုံး ပို့ဖို့ သူကပင် ဦးဆောင်၍ လုပ်ကိုင်ခဲ့၏ ။ သူ့သူငယ်ချင်းရှိရာ တိုက်နယ်ဆေးရုံသို့ ရောက်သောအခါ သူ့သူငယ်ချင်းကို အကျိုးအကြောင်းပြောက အကူအညီတောင်းခံခဲ့၏ ။ " နိုင်ဇော်ရာ မင်းကလည်း ငါ့ထက်တောင်ကျွမ်းသေးတဲ့ဟာ .. မင်း Treatment ပေးတာပိုကောင်းတာပေါ့ကွ ... " ဒီကောင်မျက်ရိပ်မျက် ကဲပြလည်း နားမလည် ။ သူ ဒီကောင့်ကိုတစ်နေ
ရာသို့ခေါ်ကာ အကျိုးအကြောင်းပြောရသေးသည် ။ " မင်းကလည်းကွာ ကြိုမှမပြောတာ ငါလည်းဘယ်သိမလည်းကွ ဟီး ဒါနဲ့မင်းကဒီအတိုင်းပဲနေတော့မှာလား မြို့မပြန်တော့ဘူးလား မင်းမိဘ တွေတော့ အတော့်ကိုစိတ်ပူနေမှာပဲ " " အင်း....ပြန်တော့ပြန်မှာပါ သူငယ်ချင်းရာ.. ငါ့မှာလုပ်စရာတွေအများကြီးရှိတာ ငါသိပါတယ် ... ဒါပေမယ့် ငါနိုင်ငံခြားမသွားချင်ဘူးကွာ.. ဒီမြေဒီရေမှာပဲ ငါနေချင်တယ် " " အင်း..စဉ်းစားပေါ့ကွာ...မင်းလည်းအရွယ်ရောက်နေပြီပဲ .. " ဒီလိုနဲ့ သူငယ်ချင်းနဲ့စကားပြောပြီး လူနာအတွက် Treatment ကို သူအကောင်းဆုံးလုပ်ဆောင်ပေးခဲ့၏ ။ ဆေးရုံမှာတစ်ပတ်လောက်နေတော့ လူနားလည်းအခြေအနေ အတော်ပြန်ကောင်းလာခဲ့၏ ။ ထင်သည့်အတိုင်းပင် အပြန်ကျတော့ ခရေက သူ့ကိုမေးပါတော့သည် ။ " အစ်ကိုဟိုဆရာက အစ်ကို့ကို အစ်ကိုကုတာပိုကောင်းတယ်လို့ ဘာလို့ပြောတာလည်းဟင် " " ဟာ မဟုတ်ပါဘူးညီမရာ.... ကိုယ်ဝါသနာပါမှန်းသိလို့ ဒီကောင်က သက်သက်စတာပါ ..." " အော်မသိပါဘူး ...သူပြောတဲ့ပုံက အစ်ကို့ကို ဆရာဝန်တစ်ယောက်လို့ ပြောတဲ့အတိုင်းပဲဟီး .. " ထိုနေ့မှစ၍ သူတို့တစ်ရွာလုံးကသူ့ကို အတော်ပင်အထင်ကြီးလေးစား လာခဲ့၏ ။ " ကိုနိုင်ဇော်ရောက်လာတာ ကျူပ်တို့ရွာအတွက်တကယ့်ကို ကူညီမယ့်သူရောက်လာတာပဲဗျို့...." သူ့ကိုချီးကျူး ကြ၏ ။ ခင်မင်ခဲ့ကြ၏ ။
ဒီလိုနဲ့ ရွာလေးသို့ရောက်ပြီး သုံးလမြောက်နေ့တွင် သူ့ဘ၀အတွက် အပြောင်းအလဲတစ်ခုက ဖန်တီးလာခဲ့၏ ။ တစ်ရွာလုံးအုတ် အော်သောင်းနင်း ဖြစ်နေ၏ ။ မထွေးတစ်ယောက် မီးမဖွားနိုင်လို့တဲ့ ။ သူလည်းခေါင်းနဘမ်းကြီးသွားမိ၏ ။ မထွေးဆိုတာက ခရေနှင့် ညီအစ်မ၀မ်းကွဲတော်သူ.. ။ သူဘယ်လိုလုပ်ရမလည်း စဉ်းစားလိုက်၏ ။ နောက်ဆုံးခရေကိုပြောကာ ကြည့်ပေးပါရစေဟု ပြောလိုက်၏ ။ ထိုအခါခရေက အလွန်အံ့သြသွားပြီး " ဟင် အစ်ကိုက ကလေးလည်းမွေးတတ်တာလား " သူလည်း ဘာမှမပြောတော့ပဲ မီးနေခန်းထဲဝင်ခဲ့၏ ။ လူနာအသက်ကအရေးကြီးနေသည်ကိုး ။ ခရေလည်း လိုက်ဝင်လာခဲ့၏ ။ ကျန်းမာရေးမှူးနဲ့ မီးဖွားပေးသောလက်သည် အဒေါ်ကြီးတို့လည်း ချွေးတလုံးလုံးနှင့် ။ သူကြည့်လိုက်တော့ လူနာကသွေးပေါင်ချိန်ကျနေပြီ ။ ကျန်းမာရေးဆေးပေးခန်းမှ Normal Saline တစ်ခုံးယူခိုင်းကာ line အရင်တင်လိုက်၏ ။ လက်အိတ်ဝတ်ပြီးစမ်းသပ်ကြည့်လိုက်တော့ လား...လား.... လူနာက ကလေးခေါင်းနှင့်တင်ပဆုံရိုးမဆန့်ခြင်း ( CPD - Cephalo Pelvic Disproprotion) ဖြစ်နေ၏ ။ သူ့အတွေ့အကြုံအရ ကျိန်းသေ မွေးလမ်းကြောင်းကမထွက်နိုင်တော့ ။ ဗိုက်ခွဲမွေးခြင်း ( LSCS ) လုပ်ရပေတော့မည် ။ ကလေးအသက်ရှူနှုန်း ( FHR -Foetal Heart Rate ) ကလည်း တဖြည်းဖြည်းကျလာခဲ့၏ ။ ဆေးရုံပို့ဖို့ အမြန်ဆုံး စီစဉ်ရတော့သည် ။ ဆေးရုံသို့ရောက်မှပင် ခရေတို့တစ်ရွာလုံးကို သူ လိမ်ခဲ့သမျှ လုံးလုံးပေါ်လာမည့် ဖြစ်ရပ်နှင့် သူကြုံရတော့သည် ။ ဖြစ်ချင်တော့သူ့သူငယ်ချင်း ဆရာဝန်ကမရှိ ။ ရှိနေသော AS ( လက်ထောက်ဆရာဝန်) ကလည်း LSCS Case ကို Assist သာလုပ်ဖူးသေးသည်ဆို၏ ။ မတတ်နိုင်သူ ၀င်ပါရတော့မည် ။ သူ့သူငယ်ချင်းဆရာဝန်၏ ဟမ်းဖုန်းကို ဆက်ကာအကြောင်းကြားရ၏ ။ ထိုအခါသူငယ်ချင်းက " နိုင်ဇော်ရာ...ဟဟ .. မင်းကအထူးကုဆရာဝန်ကြီးတစ်ယောက်ပါကွာ.. ငါကသာမန်ဆရာဝန်လေးပါ ..LSCS လောက်တော့မင်းက မျက်စိလုပ်ပြီးတောင်လုပ်နိုင်ပါတယ်ကွာ.. ကဲကဲငါ့ကိုမစောင့်နဲ့သူငယ်ချင်း ငါ့AS နဲ့ပဲလုပ်လိုက်တော့သူ့ကိုဖုန်းပေးလိုက် " " သင်းသင်းလား ..အေးခုနက နင့်ကိုဖုန်းပေးတဲ့သူက ငါ့သူငယ်ချင်း အထူးကုဆရာဝန်ကြီး ဒေါက်တာနိုင်ဇော်ဆိုတာပဲ ငါ့ထက်အဆပေါင်းများစွာတော်တယ် နင်သူ့ကိုAssist လုပ်ပေးလိုက် OT -Operation Theater (ခွဲစိတ်ခန်း) ကိုလည်း အမြန်ဆုံးပြင်ခိုင်းလိုက်တော့ " သကောင့်သားက ဟို AS နှင့်ပြောပြီးသည်နှင့် ဖုန်းချသွားခဲ့၏ ။ AS လည်း OT ၀င်ဖို့အမြန်ဆုံးပြင်ဆင်လေတော့သည် ။ ခရေတို့ကတော့ ဘေးမှာ ပါးစပ်အဟောင်းသားနှင့် သူဖုန်းဆက်နေသည်ကို ကြည့်နေရှာသည် ။ သူလည်းပြောပြလိုက်ရတော့သည် ။ " ညီမအစ်ကိုမင်းကို နောက်မှအကြောင်းစုံ ရှင်းပြမယ် အခုဆရာဝန်က အခြားမြို့ကို အရေးကြီးကိစ္စနဲ့ ရောက်နေတယ် "
" ဟင်ဒါဆိုဘယ်လိုလုပ်မလည်းအစ်ကို ဒုက္ခပါပဲ အစ်ကိုပြောတော့ဗိုက်ခွဲမွေးမှ ရမယ်ဆို " ထိုအခိုက် AS ရောက်လာပြီး " ဆရာ OT အဆင်သင့် ဖြစ်ပါပြီ ၀င်လို့ရပါပြီ " သူလည်းစကားဖြတ်ကာ OT ဖက်သို့လှမ်း ခဲ့လိုက်၏ ။ သူ၏သေသပ်ကျွမ်းကျင်မှုတို့ကြောင့် ၄၅ မိနစ်အတွင်းမှပင်သားယောက်ျားလေးတစ်ဦးကို မိခင်ရော ကလေးပါ အန္တရာယ်ကင်းစွာ မွေးဖွားပေးနိုင်ခဲ့သည် ။ အပြင်ဘက်ရောက်တော့ အသင့်စောင့်နေသော ခရေနှင့် ရွာသူရွာသား များကို တွေ့ရ၏ ။ " ယောက်ျားလေးမွေးပါတယ် ကလေးရောအမေပါကျန်းမာပါတယ် " ရွာသူရွာသားအားလုံးဝမ်းသာအားရ ထခုန်ကြ၏ ။ တချို့ဆို ပျော်ရွှင်စွာနှင့် ကွေးကောက်အောင် ကကြ၏ ။သူတို့၏ အပျော်က သူ့ရင်သို့ပင် ကူးစက်လာခဲ့၏ ။ ဆရာဝန်တစ်ယောက်၏ ပီတိဆိုတာကို သူကောင်းကောင်းကြီးနားလည်လာခဲ့၏ ။ ထိုအခိုက် ခရေ........ သူ့ကို ရီဝေနေသောမျက်ဝန်းတွေနှင့် စိုက်ကြည့်နေ၏ ။ မျက်ဝန်းမှာမျက်ရည်တို့က ပြည့်အိုက်နေ၏ ။ သူ့ကို ဘာစကားမှမပြောပဲ ချာကနည်း လှည့်ထွက်သွားသည် ။ သူအ၀တ်လဲပြီး အမြန်ပြေးလိုက်တော့ သူမက ရွာသို့ပြန်သွားနှင့်ပြီ ။
နောက်နေ့မှစ၍ တစ်ရွာလုံးက သူ့ကို ဆရာဆရာနှင့် အလွန်ပင်ရိုကြိုးသွားကြသည် ။ သို့ပေမယ့် သူလိုချင်တာဒါမျိုးမဟုတ် ။ ရင်းနှီးသော ဖော်ရွေမှုနှင့် ဒိုးတူဘောင်ဖက်စိတ်ဓါတ်မျိုးသာ ဖြစ်သည် ။သူ့ကိုလယ်ထဲလည်း ပေးမလုပ်တော့ " ဆရာရယ် .. အထူးကုဆရာဝန်ကြီးဖြစ်ပြီးတော့ လယ်ထဲကအလုပ်ကြမ်းတွေလုပ်ရတယ်လို့ အစထဲကပြောရောပေါ့ဗျာ.. " ဟု ခရေဖခင်ကဆိုသည် ။ ခရေကတော့ သူ့ကိုလုံးဝအတွေ့မခံ ။ သူ့ကို လိမ်ညာသည်ဟု စိတ်နာသွားသည်ဟု ထင်မိ၏ ။ ဒီလိုနဲ့ ရွာသူရွာသားတွေနှင့် ခရေ၏ဖခင် ရွာလူကြီးကိုပါ သူ့ဘ၀ဇတ်ကြောင်းကို ဖွင့်ပြောပြလိုက်၏ ။ " နောက်ပြီး ကျွန်တော်မနက်ဖြန်အိမ်ပြန်ပါတော့မယ် မကြာခင်မှာ ဒီရွာလေးကို ပြန်လာဖို့ ကြိုးစားပါ့မယ် " " ဆရာရယ် ဆရာက ဒီမြေဒီရေကို အရမ်းချစ်တာပဲနော်..ကျွန်တော်တို့အားလုံးဆရာ့ကိုသတိတရနဲ့စောင့်နေပါမယ်ဗျာ.... " ဒီလိုနဲ့ပဲ ခရေကလည်းအတွေ့မခံသဖြင့် နှုတ်မဆက်ဖြစ်ပဲ မြို့သို့ပြန်လာခဲ့၏ ။
ကိုနိုင်ဇော်..... သူ့ကိုရွာစရောက်ကတည်းကနှလုံးသားထဲမှာ လှိုက်လှိုက်လှဲလှဲခင်မင် နှစ်သက်ခဲ့၏ ။ ဒါပေမယ့် အစ်ကိုက သူမကို လိမ်ညာခဲ့၏ ။ အစ်ကို့လို အထူးကုဆရာဝန်ကြီးတစ်ယောက်နှင့် သူမတို့လို ကျေးလက်ဒေသ ကျေးတောသူလေးနှင့် မထိုက်တန်ဟုပင် သူမယူဆခဲ့၏ ။ ယခုတော့အစ်ကို မြို့ကိုပြန်သွားပြီတဲ့ ။ သူမ ၀မ်းနည်းလိုက်တာ... ရင်ထဲမှာ နင့်နေအောင်ပင် ခံစားနေရ၏ ။ အမှန်တော့အစ်ကို့ကို သူမ လုံးဝစိတ်မနာခဲ့ပါ ။ အစ်ကို့ကိုစတွေ့ကတည်းက သာမန်လူနဲ့မတူသည်ကိုလည်း သတိထားမိသည်မှာ အကြိမ်ကြိမ် ။ ယခုတော့ အစ်ကိုက သူမတူလေးကို ဗိုက်ခွဲမွေးပေးပြီး အသက်ကယ်ဆယ်ခဲ့သော အထူကုဆရာဝန်ကြီးဒေါက်တာ နိုင်ဇော်တဲ့ ။ အစ်ကို့ကို သူမအတွေ့မခံခဲ့သည်မှာ အစ်ကို့ဘ၀တိုးတက်စေရန် မြို့ကြီးပြကြီးသို့ ပြန်ရောက်စေရန် ယခုလို မထင်မရှားကျေးရွာကလေးတွင် အချိန်မကုန်စေရန် ရည်ရွယ်ချက်နှင့် နှလုံးသားတစ်ခုလုံးရင်းကာ ပုန်းရှောင်ခဲ့ခြင်းဖြစ် သည် ။ ယခုဆို ရွာထိပ်က အ၀င်လမ်းလေးမှ ညောင်ညိုပင်ကြီးအောက်မှာ ခရေတစ်ယောက်ကိုအချိန်မှန်မှန် တွေ့ရတတ်နေပြီ ။ .. ဒီလိုနဲ့ ရက်တွေလတွေ....တရွေ့ရွေ့.....တရွေ့ရွေ့..... ။
သူမြို့သိုပြန်ရောက်သည်နှင့် မိဘများက သူ့ကို နိုင်ငံခြားသို့ မလွှတ်တော့ဟု ဆို၏ ။ သူလည်းဝမ်းသာသွားကာ ရှမ်းပြည်နယ်ဖက်သို့ အလုပ်လျှောက်ခဲ့သည် ။ သူမြို့သို့ပြန်ရောက်ပြီး ၃ လ အကြာတွင် ကံတရား၏ လင်းလက်တောက်ပမှုဖြင့် ရှမ်းပြည်နယ်သို့ အလုပ်ပြောင်းရွေ့စာ ရောက်လာခဲ့၏ ။ တချိန်က ခရေ့အစ်မ၀မ်းကွဲကို ဗိုက်ခွဲမွေးပေးပြီး အသက်ကယ်ဆယ်ပေးခဲ့သော ဆေးရုံလေးကို သူတာဝန်ကျပြီ ။ သူ့နှလုံးသားတို့ တလှပ်လှပ်နှင့်နွေးထွေးမြန်ဆန်လာခဲ့သည် ။
ဒီနေ့ဆို အစ်ကို သူမကို ခွဲခွာသွားတာ ၃ လခွဲတိတိရှိပြီ ။ အစ်ကိုအခုဆို ခရေနဲ့ ထနောင်းရွာကလေးကို မေ့နေမှာပါလေ ..... ။ သူမအစ်ကိုထွက်သွားကတည်းက ဒီညောင်ညိုပင်အောက်မှာ တစ်ရက်မပျက်စောင့်နေခဲ့၏ ။ ထုံးစံအတိုင်းပင် ရွာအ၀င်လမ်းလေးဆီသို့ ငေးမောနေမိ၏ ။ ထိုအခိုက် လူတစ်ယောက် .... ကျောပိုးအိတ်တစ်လုံးနှင့် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ သူမတို့ရွာဆီသို့ ဦးတည်လာနေ၏ ။ အစ်ကိုများလား တွေးပြီးမှ သူမပြုံးမိ၏ ။အင်းမဖြစ်နိုင်တာကို တမ်းတလွန်းနေပြီလားဟာ ကိုယ့်ကိုယ်ကိုထင်မိ၏ ။ ထိုလူကလည်း သူမနှင့်တဖြည်းဖြည်းနီးကပ်လာခဲ့၏ ။ အနီးသို့ရောက်သောအခါ အစ်ကိုမှ အစ်ကိုအစစ် .... သူမကို ပြုံးပြနေသည် ။ သူမအလွန်အမင်းအံ့သြကာကြက်သေသေနေမိ၏ ။
" ခရေ... ညီမ အစ်ကို့ကိုမမှတ်မိတော့ဘူးလာ အစ်ကိုနိုင်ဇော်လေ .... " " အစ်ကို.........အစ်ကို..... "
သူမစကားသံတို့ဆက်မထွက်လာတော့ ။ မျက်ဝန်းမှ မျက်ရည်တို့က အတားအဆီးမဲ့စွာ ... ။ အစ်ကို့ရင်ခွင်
ထဲသို့ အရူးတစ်ပိုင်းသဖွယ် ပြေးဝင်သွားမိ၏ ။ အရာအားလုံးသည် တဒင်္ဂ တိတ်ဆိတ်ငြိမ်သက်သွား၏ ... ။ စိုးစီစိုးစီအော်ဟစ်နေသော ကျေးငှက်များလည်း ကမ္ဘာမြေ၏ ကြည်နူးဖွယ်ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည် ထင့် .. ။တိတ်ဆိတ်သွားကြ၏ .... ။ အချစ်ဆိုသည်မှာ ဖွင့်မပြောပဲနဲ့လည်း နှလုံးသားချင်းခံစား သိနိုင်သောအရာ ဖြစ်ပေသည် .... ။
အော်.... ယခုတော့လည်း မြင်မြင်သမျှသည် ပန်းတို့နှင့် အတိပြီးနေ၏ ..... ............။
စာရေးသူ......သက်တန့်ချို.......( ၂း၁၅ မနက် ၂၁.၉.၀၉)
တော်သေးတာပေါ့ မင်းသမီးကို မသတ်လိုက်လို့။
ReplyDeleteစိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော ၊
ReplyDeleteိဝတ္ထု တပုဒ်လို့ ပဲဆိုဆို
လက်တွေ့ ဘဝ . ကျေးလက်တွေ မှာ
ဒီလို စေတနာဆရာဝန်ကောင်းတွေ ၊အများကြီးလိုအပ်နေတာ အမှန်ပါဘဲ ...
ရှိတော့ရှိမယ် .. ရှားတယ်နော် ...
( ကိုယ်တွေ့ ဇာတ်လမ်း လားလို့  ထင်သွားတယ် )...
အားပေးလျှက် ..
ဒီလို ဆရာဝန်တွေ အများကြီးရှိလာပါစေ။
ReplyDeleteသက် သိလား ငါ ကြားဖူးတာ သိဖူးတာ တကယ်ဖြစ်သွားတာလဲ အဲလိုပဲ ဒါပေမယ့် နဲနဲ ကွဲတယ် ပြောပြမယ်
ReplyDeleteဒီလို အဲဒီဆရာဝန်က အဲဒီမြို့ပေါ့နော် ဘာမြို့လဲ ငါလဲမသိဘူး တာဝန်ကျတယ် ဒါပေမယ့် သူက ဆရာဝန်လို့မပြောဘူး ရွာသားတွေနဲ့ ခင်ခင်မင်မင် နေချင်လို့လေ သူက ကျန်းမာရေးတွေ ဘာတွေ တက်ဖူးပါတယ် ဘာညာဆိုပြီး ဒီလိုပဲ ဆေးမြီးတိုလေးတွေ နဲ့ လိုက်ကုတယ် တရွာလုံးက သူ့ကို အားကိုးကြတယ်ပေါ့ဟာ ကောင်မလေးတယောက်ကလဲ အဲလိုပဲ သူ့ကို ကြိုက်နေတယ် ဒါကို သူကြီးသားက မကျေနပ်တော့ တနေ့ကျတော့ စစ်ဆေးရေးတွေ ခေါ်လာပြီးတော့ ဒီလူပေါ့ ဘာဆေးလက်မှတ်မှ မရှိပဲနဲ့ ဆေးကုနေတာဆိုပြီးပြောတယ် ဒါနဲ့ သူက မဖြစ်တော့ဘူးဆိုပြီး စ မ လက်မှတ် ထုတ်ပြလိုက်မှ အားလုံး ယုံသွားကြတော့တယ် အဲဒါလေးပါ ဒါပေမယ့် နင်ရေးတာနဲ့ တူပါဘူး နင်ရေးတာ ပိုကောင်းပါတယ် ငါ ကသတိရလို့ ပြောတာ
ဖွားကိ ပြောသလို အဲလို ဆရာဝန်မျိုး အများကြီး ရှိဖို့လိုအပ်တယ် ဟာ
ကဲပါ သက်ရေ ဘိုင် တာ့တာ
နင့်ရဲ့သူငယ်ချင်း
ဝံလေး
အထူးကုဆရာဝန်ကြီးကို လေးစားမိပါတယ် ... ဆရာဝန်တွေ လိုအပ်နေတဲ့ နေရာတွေ မြန်မာ ပြည်မှာ အများကြီးပဲကိုးလေ .... ဆရာဝန်တွေ အိမ်မှာ မြဲအောင် လုပ်ပေးစေချင်လှတယ် :)
ReplyDeleteအပြုသဘောဆောင်တဲ့ ဇာတ်လမ်းလေးမှာ အချစ်ကလေးစွက်ထားတာ ကောင်းတယ်ဗျာ
လေးစားလျှက်
ရန်ကုန်သား :)
မောင်လေးရေ..
ReplyDelete၀ထ္ထုရေးတော့လဲ ကောင်းတယ် ..ကဗျာ ..သုတ ရေးတော့လဲ ကောင်းတယ် ..ဒီလက်တစ်စုံက ကောင်းဖြင်းတွေ အများကြီး ဖြစ်ပေါ်တာ သိနေရတယ်..ဆရာဝန် လုပ်တဲ့ လက်တစ်စုံလဲ ဇာတ်လမ်းထဲက အထူးကုဆရာဝန်ထက် သာနိုင်ပါစေလို့ဆန္ဒပြုပါတယ် ..
I never dream to become a doctor but after i read ur story, i want to be a doctor and want to save others life :)
ReplyDelete